လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးဂိတ်အနီး အနော်ရထာစက်မှုဇုန်တွင် နေစရာအခက်အခဲရှိသူများ ဝင်ရောက်ဆောက်လုပ်ခဲ့သည့် နေအိမ်အလုံး ၃ဝဝဝ ကျော်အနက် နေအိမ်အချို့အား ဒီဇင်ဘာ ၁၅ ရက် ည ၆ နာ ရီခွဲဝန်းကျင်နှင့် ည ၁၂ နာရီဝန်းကျင်တို့တွင် လူတစ်စုက ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
“လာဖျက်တဲ့သူတွေက ဘယ်သူတွေမှန်းတော့ မသိပါဘူး။ လူဦးရေ ၃ဝဝ လောက်ရှိတယ်။ တဲတွေစဆောက်တဲ့နေရာကနေ စဖျက်ကြတာပါ။ ည ၆ နာရီခွဲလောက်က ဖျက်တာ နေအိမ် ၅ဝ လောက် ပါသွားတယ်။ တစ်ခါ ည ၁၂ ဝန်းကျင်လောက်မှာ ထပ်ရောက်လာပြီး ဖျက်ကြတယ်”ဟု အဆိုပါ နေအိမ်တဲများတွင် နေထိုင်သူတစ်ဦးက ည ၁၂ ဝန်းကျင်တွင် ပြောကြားသည်။
အဆိုပါ လာရောက်ဖျက်ဆီးသူများသည် ဆိုင်ကယ်များဖြင့် လာရောက်ကာ တုတ်၊ ဓား လက်နက်များနှင့် ဖျက်ဆီးခဲ့ကြခြင်းဖြစ်ပြီး နေအိမ်တဲများတွင် နေထိုင်သူများမှာ မည်သို့မျှ မတုံ့ပြန်ရဲကြကြောင်းနှင့် အဆိုပါလူတစ်စုသည် မည်သူမည်ဝါများ၏ စေလွှတ်ခိုင်းစေခြင်းကြောင့် လာရောက်ဖျက်ဆီးကြသည်ကိုလည်း မသိရကြောင်း နေအိမ်တဲများတွင် နေထိုင်သူများထံမှ သိရသည်။
အဆိုပါ နေအိမ်အလုံး ၃ဝဝဝ ကျော်သည် လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးကားဝင်းအနီး အနော်ရထာစက်မှုဇုန်အတွင်းရှိ ဝါဝါဝင်းကုမ္ပဏီပိုင် မြေနေရာနှင့် ယင်းမြေနေရာဝန်းကျင်တစ်ဝိုက်တွင် လွန်ခဲ့သည် သီတင်းပတ် သုံးပတ်ခန့်ကတည်းက တဲထိုးဝင်ရောက်နေထိုင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါနေရာတွင် နေထိုင်နေသည့် အမျိုးသမီးတစ်ဦးက “ကျွန်မတို့အရင်က ရွှေသံလွင်စက်မှုဇုန်ထဲမှာ နေပါတယ်။ အဲဒီနေရာကနေ မောင်းထုတ်လိုက်လို့ မြေကွက်လွတ်တွေများတဲ့ ဒီနေရာကို ရောက်လာကြတာပါ။ အခုဆိုရင် အိမ်ငှားခတွေက တစ်လကို သုံးလေးသောင်းလောက် ပေးရတယ်။ကျွန်မတို့ လက်လုပ်လက်စားတွေအနေနဲ့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒါကြောင့် ဒီနေရာမှာပဲ ဝါးအိမ်လေးဆောက်ပြီး လာနေနေရတာပါ။ အခုလို ဝါးအိမ်လေးဆောက်ဖို့အတွက် တစ်လနှစ်လလောက်ကြိုပြီး ငွေစုထားရတယ်”ဟု ဒီဇင်ဘာ ၁၅ ရက်နေ့လယ်ပိုင်းက ပြောကြားသည်။
အဆိုပါနေရာတွင် ဝင်ရောက်နေထိုင်သူများမှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်က နေအိမ် အလုံး ၃ဝ ဝန်းကျင်သာရှိပြီး နိုဝင်ဘာလ နှောင်းပိုင်းရောက်မှသာ တဲထိုး ဝင်ရောက်နေထိုင်မှု များပြားလာခြင်းဖြစ်သည်ဟု သိရသည်။
“ကျွန်တော်တို့ မိသားစုနေတာ သုံးပတ်လောက်ပဲ ရှိသေးတယ်။ နေရာက သူများဆီကပြန်ဝယ်တာ၊ ငွေငါးသောင်းပေးရတယ်။ပထမနေတဲ့နေရာက သုံးသောင်းခွဲပေးရတယ်။ အိမ်ရှင်က အိမ်ကျဉ်းကျဉ်းလေးကို တစ်ဝက်ခြမ်းပြီး နောက်ထပ်အိမ်ငှားတင်မယ်လုပ်လို့ ပြောင်းလာကြတာ”ဟု မိသားစုခြောက်ဦးရှိသည့် မော်ကျွန်းမြို့မှပြောင်းလာသူက ဒီဇင် ဘာ ၁၅ ရက် နေ့လယ်ပိုင်းတွင် ပြောကြားသည်။
အဆိုပါနေရာရှိ မြေကွက်များကို ဝင်ရောက်နေထိုင်သူများမှာ နေစရာ အမှန်တကယ် မပြေလည်သူများလည်းရှိပြီး အချို့မှာလည်း မြေနေရာဦးယူကာ အကွက်ရိုက်၍ ရောင်းစားသူများဖြစ်ကြောင်း လိုက်လံမေးမြန်းမှုများအရ သိရသည်။
ယင်းနေရာတွင် ဝင်ရောက်နေထိုင်သူများနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ် ရဲမှူးသန်းမြင့်ဦးအား ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီပိုင်မြေနေရာပေါ်မှာ နေထိုင်သူတွေကို တစ်စုံတစ်ရာပြုလုပ်ဖို့ အစီအစဉ်မရှိသေးပါဘူး”ဟု ဒီဇင် ဘာ ၁၅ ရက် နေ့လယ်ပိုင်းက ဖြေကြားခဲ့သည်။
Credit >>> Eleven

0 comments:
Post a Comment