စတင်ပျံတက်ပြီး မကြာမီမှာပင် မူမမှန်သော အခြေအနေမျိုး ရှိနေသည်ဟု ယူဆရသဖြင့် အဲအေးရှား ခရီးသည်တင် လေယာဉ်တစ်စီးသည် နောက်ကြောင်းပြန်လှည့်ပြီး ဘန်ကောက်တွင် ဆင်းသက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၃၀ က အဲအေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်အမှတ် FD3254 သည် ဘန်ကောက်မြို့တော်မှ ခွန်ကန်းသို့ ပျံသန်းထွက်ခွာခဲ့သော်လည်း ကုန်လှောင်စနစ်တွင် မူမှန်မဟုတ်သည့် အခြေအနေ တစ်စုံတစ်ရာ ရှိနေသည်ဟု လေယာဉ်မှူးက မသင်္ကာသောကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၂၈ ရက်က အဲအေးရှား ခရီးသည်တင် လေယာဉ်တစ်စီး ပျောက်ဆုံးသွားပြီးနောက် ယခုအခါ ပင်လယ်ထဲတွင် လေယာဉ်အပျက်အစီးများ ရှာဖွေ့တွေ့ရှိနေသည့် သတင်းနှင့်အတူ ယခုဖြစ်ရပ် ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဘန်ကောက်ရှိ ဒွန်မောင်းလေဆိပ်မှ ပျံသန်းထွက်ခွာပြီးမှ နောက်ကြောင်းပြန်လှည့်လာသော လေယာဉ်ကို အင်ဂျင်နီယာများက စစ်ဆေးပြီးနောက် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု တစ်စုံတစ်ရာ မရှိကြောင်း အတည်ပြုခဲ့သည်။ “ဒွန်မောင်းကနေ ပျံသန်းလာပြီးမှ လေယာဉ်မှူးဟာ အသေးစား မူမမှန်တဲ့ အခြေအနေလေးတချို့ကို သတိပြုမိလာပါတယ်။ ဒါကြောင့် ဒွန်မောင်းမှာ ပြန်ဆင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်စေခဲ့တာပါ”ဟု အဲအေးရှား၏ ထိုင်းဌာနခွဲက ကြေညာခဲ့သည်။
အဆိုပါ လေယာဉ်တွင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် တစ်စုံတစ်ရာ မတွေ့ရကြောင်းနှင့် ခရီးသည် တစ်ဦးတစ်ယောက်မျှ မိမိတို့ ခရီးစဉ်ကို ဖျက်သိမ်းခြင်း မရှိဘဲ လေယာဉ်နှင့်အတူ လိုက်ပါခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း အဆိုပါ စစ်ဆေးမှု လုပ်ငန်းစဉ်ကြောင့် လေယာဉ်ခရီးစဉ်မှာ သတ်မှတ်ချိန်ထက် တစ်နာရီမျှ နောက်ကျသွားခဲ့သည်။
အဲအေးရှားမှ တာဝန်ရှိသူ တစ်ဦးက လေယာဉ်မှူးသည် ခရီးဆောင်အိတ်များ ထားရှိသည့် အခန်းဘက်မှ ဆူညံသံအချို့ ကြားရသဖြင့် လုံခြုံရေး ရှုထောင့်မှ အလေးထား စဉ်းစားကာ လေယာဉ်ကို နောက်ကြောင်းပြန်လှည့်ခဲ့ခြင်းဟု ဆိုသည်။ သို့သော်လည်း အဆိုပါ ဆူညံသံများ ထွက်ပေါ်မှုနှင့် ပတ်သက်ပြီးမူ ၎င်းက အတိအကျ မှတ်ချက်မပေးခဲ့ချေ။
Credit >>> 7 Day
0 comments:
Post a Comment