ဦးတေဇပိုင် ထူးကုမ္ပဏီအုပ်စုက Air Myanmar Aviation Services ကုမ္ပဏီအမည်နှင့် ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ကိုင်ခွင့် ရရှိ

Air Myanmar Aviation Services ကုမ္ပဏီမှ စင်းလုံးငှားခရီးစဉ် ပျံသန်းမည့် ရဟတ်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-Air Myanmar Aviation Services Facebook)

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ထူးကုမ္ပဏီအုပ်စုမှ Air Myanmar Aviation Services ကုမ္ပဏီအမည်နှင့် ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက် က ထူးကုမ္ပဏီအုပ်စုလက်အောက်ရှိ Air Myanmar  Aviation Services ကုမ္ပဏီအား လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဖြစ်သော AOC (Air Operator Certificate) အား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

Air Myanmar  Aviation Services ကုမ္ပဏီသည် ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား ကုန်းတွင်းပိုင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ရဟတ်ယာဉ် စင်းလုံးငှား ပျံသန်းခြင်းလုပ်ငန်းအား လုပ်ကိုင်မည်ဖြစ်သည်။

Air Myanmar Aviation Services ကုမ္ပဏီသည် ရဟတ်ယာဉ်ဖြင့် လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအား စင်းလုံးငှားခရီးစဉ် သီးသန့်သာ ပျံသန်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံရှိ လေယာဉ်ကွင်းရှိသော နေရာများနှင့် ရဟတ်ယာဉ် ဆင်းသက်နိုင်မည့် Hele Port ရှိသောနေရာများတွင် Air Myanmar Aviation Services ကုမ္ပဏီ မှ ရဟတ်ယာဉ်များ ဆင်းသက်ခွင့် ရရှိမည်ဖြစ်သည်။

“ဇန်နဝါရီ ၂၇ ရက်က AOC (Air Operator Certificate)  အပ်နှင်းခဲ့ပြီး၊ စင်းလုံးငှားခရီးစဉ်သီးသန့်အတွက် ပျံသန်းခွင့်ပေးခဲ့တာပါ။ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ Air Myanmar Aviation Services ကုမ္ပဏီကို ပျံ သန်းခွင့်ဧရိယာ ကန့်သတ်ထားပြီး ကုန်းတွင်းပိုင်းတွေမှာပဲ ပျံသန်းခွင့်ရှိမှာ ဖြစ်ပါတယ်။ လေယာဉ်ကွင်းရှိတဲ့နေရာတွေကိုတော့ ရဟတ်ယာဉ် ဆင်းသက်ခွင့်ပြုထားပြီး လေယာဉ်ကွင်းမရှိတဲ့ နေရာတွေမှာတော့ ရဟတ်ယာဉ် ဆင်းသက်နိုင်မယ့် Hele Port တွေ တည်ဆောက်ပြီးမှသာ ရဟတ်ယာဉ် ဆင်းသက်ခွင့် ရရှိမှာပါ”ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်အား အမေရိကန်အခြေစိုက် ပြည်ပကုမ္ပဏီတစ်ခုမှလည်း လျှောက်ထားခဲ့ပြီး ခွင့်ပြုချက်မရရှိဘဲ ယခု Air Myanmar  Aviation Services ကုမ္ပဏီမှ ပထမဆုံး ခွင့်ပြုချက်ရရှိခဲ့ခြင်း ဖြစ်သည်။ Air   Myanmar Aviation Services ကုမ္ပဏီသည် AS 350 B 3 ရဟတ် ယာဉ်နှစ်စီးဖြင့် ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား စတင်လုပ်ကိုင်သွားမည်ဟု သိရသည်။
Credit >>> Eleven
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment