ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ သော
မျက်နှာဖုံးစွပ်လူသတ်မှု၌ ပါဝင်သူများကို ဖေဖော်ဝါရီ ၂၇ ရက်တွင်
မြောက်ပိုင်းခရိုင် တရားရုံး၌ အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အမှုမှာ ၂၀၁၁ နို ၀င်ဘာ ၁၇ ရက် ည ၈ နာရီခွဲခန့်တွင် မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက် နွယ်သာကီ ၆ လမ်းရှိ 6 Star စားသောက်ဆိုင်သို့ လိုက်ထရပ်ကားဖြင့် မျက်နှာဖုံးစွပ်နှင့် လူများ ရောက်လာကာ မျက်နှာဖုံးစွပ်ထားသူ ခြောက်ဦးက ဓားရှည်များကိုင်ကာ ကိုကျော်မင်းဆိုသူကို ၀ိုင်းခုတ်ခဲ့သည်။ ဓားဖြင့် ၀ိုင်းခုတ်သတ်စဉ် ကျော်မင်းက ဆိုင်အပြင်သို့ ထွက်ပြေးခဲ့သော်လည်း ဆိုင်အပြင်တွင် အသင့်စောင့်နေသူများက ဓားဖြင့် ၀ိုင်း၍ ခုတ်ခဲ့ပြန်သည်။
‘‘အရင်ဒီအမှုကို စစ်ဆေးနေတာက ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ စစ်နေတာပါ။ နောက်ပိုင်း အမှုစစ်နေတဲ့ ကာလအတွင်း လုံခြုံရေးအခြေအနေအရ မြောက်ပိုင်းခရိုင်တရားရုံးကို လွှဲပြောင်းစစ်ဆေးနေတဲ့ အမှုပါ။ ဒီအမှုကိုဒုခရိုင်တရားသူကြီး(၂) က စစ်ဆေးနေပါတယ်’’ ဟု မြောက်ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လူသတ်မှု အမိန့်ချမည့် နေ့တွင်လည်း မြောက်ပိုင်းခရိုင် တရားရုံးမှ ရဲဝန်ထမ်းများနှင့် အင်းစိန်မြို့မရဲစခန်းမှ ရဲဝန်ထမ်းများ ပူးပေါင်းကာ လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်းစိန်ရဲစခန်းမှ မြို့နယ်မှူး ရဲမှူးမြင့်သိန်းက ဆိုသည်။
‘‘ဒီအမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးရမိထားတဲ့ ၁၅ ဦးကို ၂၇ ရက် ရုံးထုတ်မယ်။ စီရင်ချက်ကိုလည်း အဲဒီနေ့မှာ အပြီးချမယ်လို့ သိရပါတယ်။ စီရင်ချက်ချမယ့်နေ့မှာလည်း လုံခြုံရေးကို အပြည့်အ၀ ဆောင်ရွက်ထားပါတယ်’’ဟု ၎င်းက ပြောသည်။
မျက်နှာဖုံးစွပ် လူသတ်မှုစစ်ဆေးခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီး လုံခြုံရေးအခြေအနေအရ တရားရုံးများ ပြောင်းလဲစစ်ဆေးခဲ့ပြီး သံသယရှိသူ ၂၃ ဦးကို စစ်ဆေးခဲ့ကာ တရားခံဟု ယူဆရသူ ၁၅ ဦးကို အမိန့်ချမှတ်မည် ဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း အုပ်စုဖွဲ့ရန် ဖြစ်မှုများ၊ လူ သတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တရားခံဖော်ထုတ်နိုင်သည့် အမှုများရှိသကဲ့သို့ တရားခံ မပေါ်ပေါက်သေးသည့် အမှုများလည်း ကျန်ရှိနေပြီး ရန်ကုန်တိုင်းတွင် မြောက်ပိုင်းခရိုင်သည် မှုခင်း အဖြစ်များဆုံး ခရိုင်ဖြစ်ကြောင်း သိရသည်။

Credit >> 7Day
0 comments:
Post a Comment