
ဒိန်းမတ်နှင့် ပြင်သစ်တို့တွင် ဖြစ်ပွားခဲ့သည့် အစွန်းရောက်ဝါဒစွဲ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် ညီလာခံ တစ်ခုတွင် အမေရိကန်သမ္မတက နိုင်ငံပေါင်း (၆၀)မှ ကိုယ်စားလှယ်များကို ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ၎င်းက လူအများကို အစွန်းရောက် အတွေးအမြင်မျိုးထံ တွန်းပို့နေသည့် ဝါဒစွဲများကို တစ်ကမ္ဘာလုံး စုပေါင်းတွန်းလှန်ရန် လိုအပ်ကြောင်းလည်း ဆိုသည်။
၎င်းက အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်)နှင့် အယ်လ်ကိုင်ဒါတို့ကဲ့သို့ စစ်သွေးကြွ အဖွဲ့များသည် အစ္စလာမ် ဘာသာရေးကို ဝါဒဖြန့် လက်နက်တစ်ခုသဖွယ် အသုံးချနေခြင်းဟုလည်း ပြောကြားခဲ့သည်။
အိုင်အက်စ်ကဲ့သို့ အစွန်းရောက် အဖွဲ့အစည်းများ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ကမ္ဘာပေါ်ရှိ မွတ်ဆလင် အများအပြားက လက်မခံကြသော်လည်း အစွန်းရောက် အကြမ်းဖက်သမားများက အနောက်တိုင်း ယဉ်ကျေးမှုသည် အစ္စလာမ် ဘာသာရေးကို ညစ်ညမ်းစေသည်ဆိုသော အယူအဆမျိုးဖြင့် ဝါဒဖြန့်ရန် ကြိုးစားနေသည်ကိုလည်း သတိပြုသင့်ကြောင်း ဆိုသည်။
“ဒီဖြစ်ရပ်တွေက တစ်ဦးချင်းနဲ့ ဆိုင်ပါတယ်။ အစွန်းရောက် ဝါဒစွဲသမားတွေရဲ့ အယူအဆတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ မွတ်ဆလင် ခေါင်းဆောင်ပိုင်းကလည်း ဒီလို အယူအဆတွေကို ပိုပြီး ဆန့်ကျင်ရှုတ်ချပေးဖို့ လိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံက မွတ်ဆလင်တွေကို ဖိနှိပ်နေပါတယ်ဆိုတဲ့ အယူအဆမျိုးတွေကိုပေါ့”ဟု အိုဘားမားက ဝါရှင်တန်တွင် ပြုလုပ်သည့် ညီလာခံ၌ ပြောကြားသွားသည်။
အတန္တလန္တစ် နိုင်ငံများတွင် အစွန်းရောက် အစ္စလာမ်မစ်ဝါဒီများ၏ ခြိမ်းခြောက်မှုများ မြင့်တက်လာသည့် အချိန်တွင် ယခုညီလာခံကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကနေဒါတွင် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက လုပ်ကြံခံရမှုများအတွင်း စစ်သားနှစ်ဦး သေဆုံးသည်။ ပြင်သစ်တွင်လည်း ဇန်နဝါရီလ အတွင်းက Charlie Hebdo မဂ္ဂဇင်းတိုက်ကို အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများက ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် အကြမ်းဖက် ပစ်ခတ်မှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။
Credit >>>> 7Day
0 comments:
Post a Comment