ဖားကန့်တွင် ထပ်မံ စစ်ရေးတင်းမာ လာသောကြောင့် ရွာသားများ ထွက်ပြေး တိမ်းရှောင်နေ



ကချင်ပြည်နယ် ဖားကန့်မြို့နယ်  နမ့်မဖစ် (Nam Hpyit) ကျေးရွာတွင် အစိုးရစစ်တပ်များနှင့် ကချင်လွတ် မြောက်ရေး တပ်ဖွဲ့ KIA တို့ကြား ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ စစ်ရေးအခြေအနေ တင်းမာလာ သော ကြောင့် ကျေးရွာသားများ စိုးရိမ်ကြောက်လန့်ကာ ထွက်ပြေး တိမ်းရှောင် နေကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၁၅ ရက်ညနေ့မှ စပြီး ဒီဇင်ဘာ ၁၆ ရက်နံနက်အထိ နမ့်မဖစ် (Nam Hpyit) ရှိ ရိုမန်ကတ်သလစ် (RC) စစ်ရှောင်စခန်းသို့ လူဦးရေ ၅၀ ခန့်သည် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ထွက်ပြေး တိမ်းရှောင်လာ ကြသည်ဟု ၎င်းစခန်းမှ တာဝန်ရှိဆရာတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“လူတွေ ပြန်ရောက်လာတော့ ခက်ခဲတယ် အရင်က UNHCR၊ ကရုဏာ၊ WFP က ဆန်တွေ ကူညီပေး နေတာ အခုနှစ်ကုန်လာမှ ဗြုန်းကနဲ ထွက်ပြေးလာတော့ အရမ်းခက်ခဲလာတယ် စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ ငွေရေးကြေးရေး အဝတ်အစားစောင်တွေ ပါမလာကြဘူး သူတို့တွေက တောထဲ တောင်ထဲ ကနေကွေ့ပတ်ပြီး လာကြတယ်ဟုဆိုတော့”

အချို့ရွာသားများသည် ရွာမှထွက်ပြေးရန်လည်းကြောက်လန့်နေပြီး ရိုမန်ကတ်သလစ် (RC) စစ်ပြေးစခန်းသို့ လာခေါ်ပေးရန် စာတစ်စောင်ပို့လာသောကြောင့် ၎င်းကိစ္စနှင့်ပတ်သက်၍ ၀ိုင်းဝန်းစီစဉ်နိုင်ရန် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ တာဝန်ရှိသူများထံသို့ မူရင်းစာအား အသီးသီးပေးပို့ကာ ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောသည်။

အစိုးရစစ်တပ် တပ်မ ၆၆ စစ်သားများသည်လည်း ရွာသားများ တောင်ယာနှင့် ဈေးရောင်း ဈေးဝယ်သွားခြင်း ကို ပိတ်ပင်နေပြီး ဈေးမှပြန်လာသော ရွာသားအချို့ကိုလည်း ရွာသို့ဝင်လာခွင့် ပိတ်ပင်ခံနေရသောကြောင့် ကြောက်ရွံ့ကာ ထွက်ပြေးလာခြင်းဖြစ်သည်ဟု ဒေသခံများမှသိရသည်။

လူဦးရေ ၁၀၀ ကျော်ရှိသော နမ့်မဖစ် (Nam Hpyit) စစ်ပြေးစခန်းသို့ ထပ်မံထွက်ပြေး တိမ်းရှောင်သူ များသည် စစ်ပြေးစခန်းနှင့် ၃ မိုင်အကွာရှိ ဂါးရာယန်ကျေးရွာ (Ga Ra Yang)မှ ဖြစ်ကြောင်း သိရှိရသည်။

မြန်မာအစိုးရတပ် ဖားကန့်အခြေစိုက် တပ်မ ၆၆ သည် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)နှင့် စစ်ရေးတင်းမာလာခြင်းကြောင့် နမ့်မဖစ်ကျေးရွာအနီးရှိ ရွာသားများ ကြောက်လန့် ထွက်ပြေး တိမ်းရှောင်လာခြင်း ဖြစ်ကြောင်းသိရသည်။

အစိုးရတပ်သည် ယခုချိန် ဆိုင်းတောင်ရွာဟောင်းတွင် လက်နက်ကြီးများတပ်ဆင်ထားကာ အင်အားများတိုးချဲ့ထားကြောင်း သိရှိရသည်။ မြန်မာအစိုးရသည် စက်တင်ဘာ ၁ ရက်နေ့ ဖားကန့် ကျောက်စိမ်း မှော်ဖွင့်ပြီး ကုမ္ပဏီများ ပြန်လည်ဝင်ရောက်လာချိန်မှ အစိုးရတပ်အင်အားများတိုးချဲ့ကာ အောက်တိုဘာလနှင့် ဒီဇင်ဘာလတွင် ရွာသားများစစ်ပြေးအဖြစ် ဒုတိယအကြိမ် ထပ်မံထွက်ပြေး တိမ်းရှောင်လာရခြင်းဖြစ်သည်။

Credit >>> Kachin News Group

Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment