တုတ်၊ ဓါးလက်နက်များဖြင့် ခြိမ်းခြောက်၍ လူမိုက်ဆန်ဆန် အနိုင်ကျင့်ဗိုလ်ကျ မိုက်ကြေးခွဲ နေသူအား ဖမ်းဆီးမိ


အမှုမှထွက်ပြေး တိမ်းရှောင် နေသူအား ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ နေအိမ်မှ ဓါး၊ လှံ လက်နက်များ သိမ်းဆည်း ရမိသဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ မှုခင်းများ ကြိုတင်ကာကွယ်ရေး၊ တရားခံပြေးများ ဖမ်းဆီး ရမိရေးနှင့် ဒုစရိုက်မှုများ ပပျောက်ရေး အတွက် စီမံချက်များ ချမှတ်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့် အပြင် အများပြည်သူကို တုတ်၊ ဓါးလက်နက်များဖြင့် ခြိမ်းခြောက်၍ လူမိုက်ဆန်ဆန် အနိုင်ကျင့်ဗိုလ်ကျ မိုက်ကြေးခွဲနေသူများအား ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ၁၆.၁၂.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်တွင် တာမွေမြို့မရဲစခန်း (ပ)၃၈၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/ ၂၉၄/၁၁၄ အမှုမှ ထွက်ပြေး တိမ်းရှောင် နေသော တရားခံပြေး တစ်ဦး ဖြစ်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၁)ရပ်ကွက်နေ နဂါးလေး(ခ)အောင်နိုင်မြင့်၊ (၃၄)နှစ်မှာ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိ နေကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီး၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဧရာဝဏ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သွားရောက်ရှာဖွေဖမ်းဆီးရာ ၎င်းအား (၂၁)ရပ်ကွက်၊ အောင်သိဒ္ဓိ လမ်းမပေါ်တွင် တွေ့ရှိ ဖမ်းဆီး ရမိခဲ့ပါသည်။

ဆက်လက်၍ ၎င်း၏ နေအိမ်သို့ သက်သေများနှင့် အတူ သွားရောက်ရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်း အိပ်ယာအောက်မှ ဓါးရှည်(၅)ချောင်း၊ ဓါးမြှောင် (၂)ချောင်း၊ သံပိုက်လုံးတပ် လှံ(၁)ချောင်း၊ သံပိုက်လုံး (၃)ချောင်းတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါသည်။

ယင်းသို့ ဘေးအန္တရာယ် ဖြစ်စေသော ဓါး၊ လှံ လက်နက်များကို သိုဝှက်လက်ဝယ်ထားရှိသူ နဂါးလေး (ခ)အောင်နိုင်မြင့်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း (ပ)၁၂၂၀/၂၀၁၄ လက်နက်ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်းနှင့် တာမွေမြို့မ ရဲစခန်းမှ တရားခံပြေး အမှုဖြင့်လည်း ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Credit >>> Yangon Police
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment