နှစ်သစ်ကူးနေ့ ညပိုင်းက တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှု ၄၂ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ခုနစ်မှုနှင့် လူသတ်မှု နှစ်မှု ဖြစ်ပွား

၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက် နံနက် ၂ နာရီခန့်က ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာ ကုသဆောင်အတွင်းမြင်ကွင်း (ဓာတ်ပုံ-၀င်းမြင့်ကျော်) -  ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက် နံနက် ၂ နာရီခန့်က ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာ ကုသဆောင်အတွင်းမြင်ကွင်း (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မြန်မာနိုင်ငံအတွင်း ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် ယာဉ်တိုက်မှု ၄၂ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ခုနစ်မှုနှင့် လူသတ်မှု နှစ်မှုတို့ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်ရုံးမှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စုံစမ်းသိရသည်။

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် လူသတ်မှုဖြစ်စဉ် နှစ်ခုမှာ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့၌ ခိုက်ရန်ဖြစ်ပွားမှု အများအပြား ဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ရာ ရဲစခန်းများသို့ လာရောက်တိုင်တန်းသည့်ဖြစ်စဉ် အနည်းငယ်သာရှိကြောင်း သိရသည်။

“အဲဒီနေ့ညက ရန်ကုန်မြို့မျှော်စင်ကျွန်းမှာ လုပ်သွားတဲ့ ရှိုးပွဲမှာတောင် ဓားထိုးမှုတစ်ခုနဲ့ အခြားခိုက်ရန်ဖြစ်ပွားမှုတွေ အများကြီး ဖြစ်ပွားခဲ့တယ်။ ဓားထိုးတဲ့ဖြစ်စဉ်ဆိုရင် အထိုးခံရတဲ့သူက ဗိုက်ထဲကအူတွေထွက်ကျလို့ ဝိုင်းပြီးတော့ ဆေးရုံပို့ပေး လိုက်ရပါတယ်” ဟု ရှိုးပွဲသွားရောက်ကြည့်ခဲ့သည့် လူငယ်တစ်ဦးက ပြောကြားခဲ့သည်။

ထို့အပြင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ညပိုင်းနှင့် ညဥ့်နက်ပိုင်းတို့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ် လူနာကုသဆောင်တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသည့်လူနာများ အလွန်များပြားခဲ့ကြောင်း တွေ့ရှိရသည်။

“မင်္ဂလာဈေးက ၉ လွှာကလပ်မှာ လူငယ်တစ်ဦး လည်ပင်းဓားထိုး ခံရတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်။ ဖြစ်တဲ့နေရာကလည်း ကလပ်အတွင်းထဲမှာ ဖြစ်ခဲ့တယ်။ အဲဒီတော့ ကလပ်လုံခြုံရေး ဝန်ထမ်းတွေက စစ်ဆေးမှုတွေလုပ်တာ တော်တော်လေး အားနည်းတယ်ဆိုတာ သက်သေဖြစ်ခဲ့ပါတယ်။ နောက်ပြီး ကလပ်တွေအကုန်လုံးကို ည ၁၁ နာရီပိတ်ရမယ် ဆိုပေမယ့်လည်း အများစုကတော့ မနက် ၃ နာရီလောက်ရောက်မှပဲ ပိတ်ခဲ့တာကို တွေ့ရပါတယ်” ဟု မျက်မြင်တွေ့မြင်သူ ကိုလတ်က ပြောကြားသည်။

ကန်တော်ကြီး မျှော်စင်ကျွန်းရှိုးပွဲတွင် ဖြစ်ပွားခဲ့သော ဓားထိုးမှု ဖြစ်စဉ်တစ်ခုမှာ ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီခွဲခန့်တွင် ရှိုးပွဲ၌ အသက် ၁၇ နှစ်အရွယ် (နဝမ)တန်း ကျောင်းသားတစ်ဦးအား အမည်မသိ လူငယ်တစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဓားဖြင့်ထိုးခဲ့သည့် အထိုးခံရသူတွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲနံဘေး ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် တင်ပို့ကုသခဲ့ရကြောင်း သိရသည်။ 
Credit >>>>Eleven
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment