ငါးနှစ်ခန့် လက်တွဲခဲ့သော ဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒိုနှင့် လမ်းခွဲလိုက်ပြီဖြစ်သည်ဟု ရုရှားစူပါမော်ဒယ် အီရီနာ ရှိတ်ခ်က အတိအလင်း ပြောကြားလိုက်ကြောင်း Daily Mail သတင်းဌာနကဖော်ပြသည်။
အချို့သတင်းဌာနများက ရှိတ်ခ်သည် ရော်နယ်ဒို၏မိခင်ဖြစ်သူ မာရီယာ၏ (၆၀)နှစ်ပြည့် မွေးနေ့ကို တက်ရောက်ရန် ငြင်းဆိုခဲ့ခြင်းကြောင့် ရော်နယ်ဒိုနှင့် သူမကြားတွင် မပြေလည်မှုများ စတင်ခဲ့သည်ဟု ဆိုသည်။ ရော်နယ်ဒိုက Ballon d'Or ဆုကို လက်ခံရယူနေချိန်တွင် သူမက ကမ်းခြေတစ်ခု၌ အပန်းဖြေနေခဲ့သည်။ ရော်နယ်ဒိုကလည်း ဆု လက်ခံရရှိပြီးနောက် ကျေးဇူးတင်စကားပြောကြားရာတွင်လည်း ရှိတ်ခ်အကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း မရှိသလို ရှိတ်ခ်ကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း တစ်ခွန်းတစ်ပါဒမျှ ပြောကြားခဲ့ခြင်းမရှိပေ။ သူမ၏ တွစ်တာတွင်လည်း ရော်နယ်ဒိုကို Unfollow ပြုလုပ်ခဲ့ခြင်းကြောင့် သူမတို့နှစ်ဦး လမ်းခွဲလိုက်ပြီဟူသော ကောလာဟာလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။
ယခုအခါတွင်မူ ထိုသတင်းကို ရှိတ်ခ်က အတည်ပြုပေးလိုက်ပြီး သူမတို့နှစ်ဦး လမ်းခွဲရခြင်းမှာ မိဘများကြောင့်တော့ မဟုတ်ဟု ဆိုသည်။ လမ်းမခွဲခင် ကာလများက ရော်နယ်ဒိုသည် ရှိတ်ခ်အား သူ၏ ဇနီးလောင်းဟုပင် ခေါ်ဝေါ်ခဲ့သေးသည်။
Credit >>> 7 Day
0 comments:
Post a Comment