ကမ္ဘာကျော် ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် ချစ်သူ ရုရှား စူပါမော်ဒယ်လ် အိုင်ရီနာရှေးခ်နှင့် လမ်းခွဲလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ရီးရဲလ်မက်ဒရစ် အသင်းတွင် ကစားနေသည့် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုသည် ရုရှား၏ အလှပဆုံး အမျိုးသမီး တစ်ဦးအဖြစ် တင်စားခံရလေ့ရှိသည့် ရှေးခ်နှင့် (၄)နှစ်မျှ တွဲဖြစ်ခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့်နှစ် အတွင်းက Ballon d’Or ဆုပေးပွဲတွင် ကျေးဇူးတင်စကား ပြောကြားရာ၌ ရှေးခ်ကို ဇနီးလောင်းဟု သုံးနှုန်း ညွှန်းဆိုခဲ့ဖူးသည်။
သို့သော်လည်း ယခုနှစ် Ballon d’Or ဆုနှင်းသဘင်တွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွှေဘောလုံးဆု ချီးမြှင့်ခံရချိန်၌ ရော်နယ်လ်ဒိုသည် ရှေးခ်နှင့် ပတ်သက်၍ တစ်ခွန်းတစ်ပါဒမျှ ပြောကြားမသွားချေ။ ထိုအချိန်ကတည်းက ၎င်းတို့ နှစ်ဦးကြား ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း ပရိသတ်များက ခန့်မှန်းခဲ့သည်။
ထို့အပြင် ရှေးခ်ကိုယ်တိုင်က ရော်နယ်လ်ဒို၏ အောင်မြင်မှုအပေါ် တစ်စုံတစ်ရာ ဂုဏ်ပြုစကား မဆိုခဲ့သည့်အပြင် Twitter တွင် ၎င်း၏ ချစ်သူအား Unfollow ပြုလုပ်သွားခြင်းကြောင့် ယင်းတို့နှစ်ဦး လမ်းခွဲဖြစ်ခဲ့ပြီဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခြင်း ဖြစ်သည်။
အတွင်းလူ အချို့က ခရစ္စမတ် ကာလတွင် ရှေးခ်သည် ရော်နယ်လ်ဒို၏ မိခင်နှင့် အချင်းများခဲ့ပြီး ထို့နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေး၌ အက်ကြောင်းထင်လာကြောင်း မှတ်ချက်ပြုခဲ့သည်။ လတ်တလောတွင် သတင်းအများအပြားက ၎င်းတို့နှစ်ဦး လမ်းခွဲခဲ့ပြီဟု မှန်းဆ ရေးသားနေသော်လည်း ရော်နယ်လ်ဒိုနှင့် ရှေးခ်တို့က ဖြေရှင်းချက် တစ်စုံတစ်ရာ မထုတ်ပြန်သေးဟု သိရှိရသည်။
Cresit >>> 7 Day
0 comments:
Post a Comment