ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးအား ကေအိုင်အေအဖွဲ့က ဖမ်းဆီး ထိန်းသိမ်းမှု ပြုလုပ်ခဲ့


ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး၏ မိုးကောင်း- ကာမိုင်း- ဖားကန့် လမ်းကြောင်း အား စစ်ဆေးကြည့်ရှုသည့် ခရီးစဉ်တွင် ဇန်န၀ါရီ ၁၄ ရက်က ပြည်နယ် ၀န်ကြီး အား ကေအိုင်အေ အဖွဲ့က ထိန်းသိမ်းပြီး အနီးကပ် လုံခြုံရေးလိုက်ပါ သွားသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးအား ဆက်လက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးကမန်းဒူးနော်နှင့် အဖွဲ့သည် ဇန်န၀ါရီ ၁၃ ရက်က မိုးကောင်း- ကာမိုင်း- ဖားကန့်လမ်းခင်းနေမှု အခြေအနေ ကို လိုက်လံ ကြည့်ရှု စစ်ဆေးပြီး ဖားကန့်မြို့တွင် ညအိပ်ရပ်နားခဲ့သည်။

ဇန်န၀ါရီ ၁၄ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဖားကန့်မြို့မှ ဖားကန့် - ဆိပ်မူ- ဝှေခါ- ညောင်ပင် - လုံးတုံး - ဟိုပင် လမ်းကြောင်း အတိုင်း ဆက်လက်ထွက်ခွာလာရာ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် ဖားကန့်မြို့နယ် ဟွေလုံ ကျေးရွာအနီးသို့အရောက် လက်နက် ကိုယ်စီ ကိုင်ဆောင်ထားသည့် အင်အား ၂၅ ဦးခန့်ရှိ ကေအိုင်အေအဖွဲ့ တစ်ဖွဲ့ က သေနတ်များ ပစ်ဖောက်၍ လမ်းပိတ်ဆို့ကာ တားဆီးစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့အား လမ်းပေါ်တွင် ထိုင်ခိုင်းကာ စစ်ဆေး မေးမြန်းမှု များပြုလုပ်ပြီး ဆက်လက်ထွက်ခွာခွင်ြ့ပုခဲ့သော်လည်း ၎င်း အဖွဲ့နှင့်အတူ လုံခြုံရေးအတွက် လိုက်ပါသွားသည့် ဒုရဲအုပ်မြင့်စိုး ဦးစီးတပ်ဖွဲ့ဝင် သုံးဦးအား လက်နက် ခဲယမ်းများနှင့် အတူ ကေအိုင်အေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ထားခဲ့သည်။

သို့ဖြစ်၍ တာဝန်ရှိသူများက ရဲတပ်ဖွဲ့ဝင်သုံးဦးအား အမြန်ဆုံးပြန် လည် လွှဲ ပြောင်းပေး နိုင်ရေး အတွက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်း ရေး အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး အဆင့်ရှိ ဦးနော်ဒီနှင့် မြစ်ကြီးနားမြို့ နည်းပညာဆိုင်ရာ အကြံပေး အဖွဲ့မှ ဦးလမိုင်ခွန်ဂျာ တို့ထံ ဆက်သွယ်ဆောင်ရွက်ထားကြောင်း၊ အဆိုပါ ကေအိုင်အေအဖွဲ့အား နယ်မြေခံ တပ်မတော် စစ်ကြောင်းက လိုက်လံရှင်းလင်းလျက်ရှိ ကြောင်း သတင်းရရှိသည်။

Credit >>> MOI Webportal Myanmar
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment