ဂျာမနီရှိ အစ္စလာမ်မစ် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့ (Pegida)၏ ခေါင်းဆောင်ဖြစ်သူ လုဇ်ဘတ်ခ်ျမန်းသည် Selfie ဓာတ်ပုံတစ်ပုံနှင့် Social Mediaများတွင် ၎င်းရေးသားခဲ့သည့် မှတ်ချက်များကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ခံရပြီး အဖွဲ့အစည်းမှ နုတ်ထွက်သွားခဲ့ကြောင်း သတင်းရရှိသည်။
ဘတ်ခ်ျမန်းသည် ဒုတိယ ကမ္ဘာစစ်အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် ဂျာမန်နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ၏ ဆံပင်ပုံစံ၊ နှုတ်ခမ်းမွေး ပုံစံတို့ဖြင့် ရိုက်ကူးထားသည့် Selfie ဓာတ်ပုံတစ်ပုံ မီဒီယာများထံ ထွက်ပေါ်လာပြီးနောက် အကြီးအကျယ် ဝေဖန်ခံခဲ့ရသည်။
ထို့အပြင် ဂျာမနီ၌ ခိုလှုံလာသူများကို ရုန့်ရင်းကြမ်းတမ်းသော အသုံးအနှုန်းများဖြင့် ခိုင်းနှိုင်းရေးသားခဲ့မှု များကလည်း ၎င်းကို ပိုမို၍ နာမည်ပျက်စေခဲ့သည်။ ဒုက္ခသည်များကို တိရစ္ဆာန်များ၊ အသုံးမဝင်သူများ အစရှိသဖြင့် ဆိုးဆိုးရွားရွား ရေးသားခဲ့သည့် Facebook မှတ်ချက်များအတွက် ၎င်းက ပြန်လည် တောင်းပန်ခဲ့ရသည်။
“ဟုတ်ပါတယ်။ Pegidaရဲ့ ဘုတ်အဖွဲ့ကနေ ကျွန်တော် နုတ်ထွက်လိုက်ပါပြီ”ဟု ဘတ်ခ်ျမန်းက Bild သတင်းစာသို့ အတည်ပြု ပြောကြားခဲ့သည်။ Pegidaမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကက်သရင်း အော်တဲလ်က ဘတ်ခ်ျမန်း၏ မှတ်ချက်ရေးသားမှုများသည် လွန်ကဲသော အဆင့်ထိ ရှိခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ဟစ်တလာနှင့် ပုံစံတူ Selfie ဓာတ်ပုံ ရိုက်ခဲ့ခြင်းမှာမူ အပျော်သဘော စနောက်မှု တစ်ခုသာ ဖြစ်ကြောင်း ဆိုသည်။
“ဒါက သရော် လှောင်ပြောင်မှု တစ်ခုထက် မပိုပါဘူး။ ဒီအခွင့်အရေးကတော့ နိုင်ငံသားတိုင်းမှာ ရှိပါတယ်”ဟု သူမက ကာကွယ် ပြောကြားခဲ့သည်။ ဂျာမနီ အစိုးရကမူ ဘတ်ခ်ျမန်း၏ Selfie ဓာတ်ပုံနှင့် ပတ်သက်၍ ရှုတ်ချထားသည်။
ဂျာမန် ဒုတိယ အဓိပတိ ဆစ်ဂ်မာ ဂါဘရီရယ်လ်က “နိုင်ငံရေး နယ်ပယ်ထဲမှာ ရှိနေတဲ့ ဘယ်သူမဆို ဟစ်တလာနဲ့ ပုံစံတူ မလုပ်ပြသင့်ပါဘူး။ ဒီလိုလုပ်တာဟာ ရူးရင်ရူးနေလို့၊ မဟုတ်ရင် နာဇီဝါဒီ မို့လို့ပဲ။ မှန်မှန်ကန်ကန် တွေးခေါ်တတ်တဲ့ လူတွေကတော့ အရူးမလုပ် မလုပ်လောက်ဘူး။ လူကောင်းသူကောင်းတွေက နာဇီလမ်းစဉ် မလိုက်ပါဘူး”ဟု ဝေဖန် ပြောကြားခဲ့သည်။
Pegida အဖွဲ့သည် ယခုသီတင်းပတ် အစောပိုင်းက ဒရက်စ်ဒန်တွင် ဆန္ဒပြမှုတစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ရဲတပ်ဖွဲ့၏ တားမြစ်မှုကြောင့် လိပ်ဇစ်တွင် ဇန်နဝါရီ (၂၁)ရက်၌ အင်အားပြု စုရုံးခဲ့ကြောင်း သိရှိရသည်။
Credit >>> 7 Day
0 comments:
Post a Comment