(၈၇)ကြိမ်မြောက် အော်စကာ ဆုပေးပွဲတွင် Birdman ဇာတ်ကား အောင်ပွဲခံ


(၈၇)ကြိမ်မြောက် အော်စကာ ရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်မှု အခမ်းအနားကို အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့၊ ဟောလိဝုဒ်ရှိ Dolby Theatre တွင် ကျင်းပ ပြုလုပ်ခဲ့ရာ Birdman ဇာတ်ကားက အောင်ပွဲခံနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Birdman ဇာတ်ကားသည် American Sniper ၊ Boyhood၊ The Imitation Game၊ Selma၊ The Grand Budapest Hotel၊ The Theory of Everything၊ Whiplashတို့ကဲ့သို့ ဆန်ခါတင် ပြိုင်ဘက် ရုပ်ရှင် ဇာတ်ကားကောင်းများကို ကျော်ဖြတ်ပြီး အကောင်းဆုံး ဇာတ်ကားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ထို့အပြင် Birdmanကို ပုံဖော် ဖန်တီးသည့် အလက်ဂျန်ဒရို ဂွန်ဇာလက်ဇ် အီနာရီတူသည်လည်း အကောင်းဆုံး ဒါရိုက်တာအဖြစ် အော်စကာဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။
အကောင်းဆုံး ဇာတ်ဆောင် မင်းသားဆုကိုမူ The Theory of Everythingတွင် စတီဖင်ဟော့ကင်း အနေဖြင့် သရုပ်ဆောင်ခဲ့သူ မင်းသား အက်ဒီရက်ဒ်မိန်းက ရရှိခဲ့သည်။ ၎င်းသည် ဆန်ခါတင် အဆင့်တွင် ဘရက်ဒ်လေကူးပါးနှင့် မိုက်ကယ် ကီတန်တို့ကဲ့သို့ နာမည်ကျော်များကို ကျော်ဖြတ်ပြီး ဆုရခဲ့ခြင်း ဖြစ်သည်။
အကောင်းဆုံး မင်းသမီးဆုကိုမူ ရီးစ်ဝှစ်သာစပွန်း၊ ရိုဆာမန်ပိုက်ခ်တို့ကဲ့သို့ ဟောလိဝုဒ် ကြယ်ပွင့်များကို ကျော်ဖြတ်ပြီး Still Alice မှ မင်းသမီး ဂျူလီယန်မိုးက ဆွတ်ခူး ရရှိသွားသည်။
အကောင်းဆုံး ဇာတ်ပို့ အမျိုးသားဆုကို Whiplash မှ ဂျေကေဆိုင်မွန်စ်နှင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို Boyhood မှ ပက်ထရစ်ရှာ အားကွက်တို့က အသီးသီး ဆွတ်ခူး ပိုင်ဆိုင်သွားခဲ့သည်။
မူရင်းဇာတ်ညွှန်းဆုကို Birdman ဇာတ်ကားကပင် ရရှိခဲ့ပြီး ထပ်ဆင့်မှီငြမ်း ဇာတ်ညွှန်းဆုကိုမူ The Imitation Game ဇာတ်ကားက ရရှိခဲ့သည်။
Big Hero 6ကမူ The Boxtrolls၊ How to Train Your Dragon 2၊ Song of the Sea နှင့် The Tale of  the Princess Kaguya ဇာတ်ကားများကို ကျော်ဖြတ်ပြီး အကောင်းဆုံး Animation ရုပ်ရှင်ဆုကို ဆွတ်ခူးခဲ့သည်။ အကောင်းဆုံး နိုင်ငံခြား ဘာသာစကားပြော ရုပ်ရှင်ကိုမူ ပိုလန်ဘာသာဖြင့် ရိုက်ကူးသည့် Ida က ရရှိသွားသည်။
Birdman ဇာတ်ကားသည် အကောင်းဆုံး ရုပ်ရှင် ပရောဂျက်ဆုကိုလည်း ရရှိခဲ့ပြီး အော်စကာ ဆုပေးပွဲ မတိုင်မီက နာမည်ကြီးခဲ့သည့် American Sniper ဇာတ်ကားမှာမူ အကောင်းဆုံး အသံတည်းဖြတ်ဆုနှင့်သာ ကျေနပ်ခဲ့ရသည်။ အကောင်းဆုံး အသံရောစပ် ဖန်တီးမှု ဆုကိုမူ Whiplash က ရရှိခဲ့သည်။
The Grand Budapest Hotel က အကောင်းဆုံး မိတ်ကပ်နှင့် ဆံပင်အပြင်အဆင်ဆု၊ အကောင်းဆုံး အဝတ်အစား ဒီဇိုင်းဆုများကို ရယူနိုင်ခဲ့သည်။ The Grand Budapest Hotel သည် အကောင်းဆုံး ထုတ်လုပ်မှု ဒီဇိုင်းဆိုင်ရာဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သေးသည်။
အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို Whiplash ဇာတ်ကားအတွက် တာဝန်ယူသည့် တွမ်ခရော့စ်က ရရှိခဲ့ပြီး အကောင်းဆုံး အမြင်လှည့်စားမှု နည်းပညာဆိုင်ရာဆုကို Interstellar ဇာတ်ကားက ရရှိခဲ့သည်။
အော်စကာ ဆုပေးပွဲတွင် Birdmanက အဓိကဆုများ ရရှိခဲ့သော်လည်း The Grand Budapest Hotelက Birdmanနှင့်အတူ ဆု(၄)ခု ဆွတ်ခူးပြီး အော်စကာဆု အများဆုံးရရှိသည့် စာရင်းတွင် ပူးတွဲရပ်တည်ခဲ့သည်။ ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် (၈၇)ကြိမ်မြောက် အော်စကာ ဆုနှင်းသဘင်၏ ထူးချွန်ဆု ရရှိသူ စာရင်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
အကောင်းဆုံး ရုပ်ရှင်ဆု - Birdman
အကောင်းဆုံး ဒါရိုက်တာဆု - အလက်ဂျန်ဒရို ဂွန်ဇာလက်ဇ် အီနာရီတူ (Birdman)
အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု - အက်ဒီရက်ဒ်မိန်း (The Theory of Everything)
အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆု - ဂျူလီယန်မိုး (Still Alice)
အကောင်းဆုံး ဇာတ်ပို့အမျိုးသားဆု - ဂျေကေဆိုင်မွန်စ် (Whiplash)
အကောင်းဆုံး ဇာတ်ပို့အမျိုးသမီးဆု - ပက်ထရစ်ရှာအားကွက် (Boyhood)
အကောင်းဆုံး ဇာတ်ညွှန်း(မူရင်း)ဆု - Birdman
အကောင်းဆုံး ဇာတ်ညွှန်း(မှီငြမ်း)ဆု - The Imitation Game
အကောင်းဆုံး ဇာတ်ဝင်သီချင်းဆု - Glory of Selma
အကောင်းဆုံး Animationဇာတ်ကားဆု - Big Hero 6
အကောင်းဆုံး Animationဇာတ်လမ်းတိုဆု - Feast
အကောင်းဆုံး အသံတည်းဖြတ်ဆု - American Sniper
အကောင်းဆုံး အသံရောစပ်ဖန်တီးမှုဆု - Whiplash
အကောင်းဆုံး မိတ်ကပ်ဆု - The Grand Budapest Hotel
အကောင်းဆုံး အဝတ်အစားဆု - The Grand Budapest Hotel
အကောင်းဆုံး အမြင်လှည့်စားမှုနည်းပညာဆု - Interstellar
အကောင်းဆုံး ထုတ်လုပ်မှုဒီဇိုင်းဆု - The Grand Budapest Hotel
အကောင်းဆုံး မူရင်းဇာတ်လမ်းဆု -  The Grand Budapest Hotel
အကောင်းဆုံး ရုပ်ရှင်ပရောဂျက်ဆု - Birdman
အကောင်းဆုံး တည်းဖြတ်ဆု - Whiplash
အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဆု - Ida (ပိုလန်)
အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု - Citizenfour
အကောင်းဆုံး မှတ်တမ်းတိုရုပ်ရှင်ဆု - Crisis Hotline: Veterans Press 1
Credit >>>> 7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment