ပြည်မြို့နယ်ရဲတပ်ဖွဲ့၏သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ − ဇော်မင်းထိုက်)
ပြည်မြို့တွင်အမျိုးသမီးများကို လိုက်လံခြောက်လှန့်နေသော ထူးဆန်းသည့်
လူမည်းကြီးတစ်ဦး ပေါ်ထွက်နေသည်ဟူသောသတင်းမှာ ကောလာဟလသာဖြစ်ကြောင်း
ပြည်မြို့နယ်ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရှင်းလင်းခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်မြို့အနီးတစ်ဝိုက်တွင် အသားမည်းမည်း၊ ကိုယ်လုံးတီးနှင့် အလွန်လျင်မြန်သည့် အမျိုးသားတစ်ဦး ပေါ်ထွက်လာကြောင်း၊ ၎င်းအမျိုးသားမှာ ကျေးရွာအချို့တွင် အမျိုးသမီးများ၏ အိပ်ခန်းအတွင်းသို့ဝင်၍ နှောင့်ယှက်ကြောင်း၊ ဖမ်းဆီးရန်ခက်ခဲပြီး ခုန်ပျံကျော်လွှားတတ်ကြောင်း ပါးစပ်သတင်းများမှတစ်ဆင့် ပျံ့နှံ့ခဲ့သည်။
ယင်းသတင်းကို ထိတ်လန့်သူများက ကျေးရွာရပ်ကွက်များတွင် နေအိမ်များ၌ တုတ်၊ ဓားများ ဆောင်ထား၍ ညအချိန် အလှည့်ကျ လုံခြုံရေးစောင့်ဆိုင်းမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်မြို့နယ် ရဲတပ်ဖွဲ့က စုံစမ်းပြီး သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
‘‘မိုးပျံ၊ ကိုယ်ပျောက်ပြီး ခြောက်လန့်နေတဲ့လူရှိနေတယ်ဆိုတာ ကောလာဟလပါ။ ဒီနေ့ခေတ် ကာလမှာ စဉ်းစားချင့်ချိန်ပြီး ယုံကြည်ကြပါ။ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မျက်မြင်တွေ့သူတွေကို လိုက်လံစုံစမ်းကြည့်တဲ့အခါ သူတို့တွေ့လိုက်ရသူတွေဟာ ခိုး၊ ဆိုး၊နှိုက် စတဲ့ ကိစ္စတွေကို ကျူးလွန်ဖို့ အိမ်ကိုကပ်တာတို့ စတဲ့ ဒုစရိုက်မှုတစ်ခုခုကို ကျူးလွန်နိုင်တဲ့လူမျိုးပုံစံ မျိုးပါ။ ဒါမျိုးဖြစ်စဉ်တွေကနေ ကျယ်ပြန့်လာပြီး လူတွေအထိတ်တလန့်ဖြစ်နေတာ မဖြစ်ကြဖို့ ပြောချင်တယ်’’ဟု ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်ခဲ့သော အဆိုပါရှင်းလင်းပွဲသို့ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တာဝန်ရှိသူများက စောင့်ကြည့်ရှာဖွေထားသော အတွေ့အကြုံအကြောင်းရင်းများနှင့် ဆက်စပ်ပြီး ရှင်းလင်းခဲ့ကြသည်။
ပြည်မြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်ည၌ စကားတောင် ရပ်ကွက် နေအိမ်တစ်အိမ်မှ အဆိုပါလူကို စတင်တွေ့ရှိခဲ့ပြီး နောက် ဖေဖော်ဝါရီ ၂၁ ရက် ည အထိတိုင် ပုထိုးကြီးရပ်ကွက်၊ ဆံတော်ရပ်ကွက်၊ ဆင်စုရပ်ကွက်များမှ အမျိုးသမီးများက တွေ့မြင်သည်ဟု ဆိုကာ ကူးစက်လာခဲ့ကြောင်း၊ ဖြစ်စဉ်တွင် မျက်မြင် တွေ့လိုက်ရသူများအား တာဝန်ရှိသူများက လိုက်လံစစ်ဆေးသည့်အခါ မိုးပျံကိုယ်ပျောက်နိုင်လောက်အောင် အစွမ်းအစရှိကြောင်းကို အတည်မပြုနိုင်ကြောင်း၊ လက်ပူးလက်ကြပ် မိသူမရှိဘဲ မရေမရာ ဖြစ်နေပြီး ကောလာဟလအဆင့်သာရှိကြောင်း ရှင်းလင်းသည်။
အဆိုပါလူသည် အိမ်ခေါင်မိုးများ၊ သစ်ပင်များပေါ်သို့ ခုန်နိုင်ပျံနိုင်ပြီး ငါးမိနစ်ခန့် ကိုယ်ပျောက် နိုင်ကြောင်း၊ အင်းအိုင်လက်ဖွဲ့များအသုံးပြုပြီး အမျိုးသမီးများကို ခြောက်လန့်နေသည့် ကောလာဟလသတင်းကြောင့် ဒေသခံလူအများမှာ တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ပြီး ရပ်ကွက်အတွင်း လူစုလူဝေးများဖြင့် ရှိနေခြင်းကြောင့် မလိုလားအပ်သော အကြောင်းအရာများ ဖြစ်မလာစေရန် ကင်းပုန်းလုံခြုံရေးများဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူများထိတ်လန့်မှု မရှိကြရန်နှင့် အေးချမ်းစွာနေနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်များမှ အုပ်ချုပ်ရေးမှုများနှင့် အတူ လုံခြုံရေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Credit >>>> 7Day

0 comments:
Post a Comment