သပိတ်မှောက်အလုပ်သမားများနှင့်
သပိတ်စခန်းကိုဖြိုခွင်းသော ရဲတပ်ဖွဲ့ဝင်များ
ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် လုပ်သားများပြန်လည်စုဝေးနေစဉ်(ဓာတ်ပုံ -
နစ်ကီ)
သပိတ်မှောက်လုပ်သားများက စက်ရုံဝင်ပေါက်ပိတ်ဆို့ ဆန္ဒပြခဲ့ခြင်းအတွက်
အလုပ်ရှင်များ၏ သက်ဆိုင်ရာသံရုံးများက မြန်မာအစိုးရအား
ကန့်ကွက်ဖိအားပေးမှုများ ပြုလုပ်ထားကြောင်း သတင်းရရှိသည်။
ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံသုံးရုံတွင် လုပ်ခလစာတိုးမြှင့်ပေးရေးအတွက် လုပ်သားများက စက်ရုံများရှေ့၌ ပိတ်ဆို့သပိတ်မှောက်မှုများ ရက်ရှည်ပြုလုပ်နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသော အလုပ်ရှင်များနစ်နာမှုများရှိနေသည့်အပေါ် ဖြေရှင်းဆောင်ရွက်ပေးရန် သံရုံးများက အကြောင်းကြားလာခဲ့ခြင်းဖြစ်သည်ဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က ပြောသည်။
‘‘မင်းတို့ နိုင်ငံက သူတို့နိုင်ငံသားတွေကို အကာအကွယ်မပေးဘူးလားပြောတယ်။ ကန့်ကွက်စာလည်း ပို့တယ်။ ဘယ်သံရုံးတွေက တိုင်ကြားတယ်ဆိုတာ ပြောပြလို့ မရပါဘူး။ သံရုံးတွေက သူတို့နိုင်ငံသားတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့ ကန့်ကွက်စာတွေ ပို့ခဲ့တယ်’’ဟု ၎င်းက ပြောသည်။ အထက်ပါစက်ရုံများမှာ ကိုရီးယား၊တိုင်ပေနှင့် ဂျပန်နိုင်ငံတို့မှ လုပ်ငန်းရှင်များ ပိုင်ဆိုင်သော စက်ရုံများဖြစ်သည်။
ဇန်န၀ါရီလကုန်ပိုင်းက စတင်ခဲ့သည့် လုပ်ခလစာတိုးမြှင့်ပေးရေး သပိတ်မှောက်တောင်းဆိုမှုများကြောင့် ယင်းစက်ရုံများ၏ ကုန်ထုတ်လုပ်မှုများကျဆင်းနေခဲ့ပြီး ပြေလည်မှုရရှိရန် အစိုးရက ကြားဝင်ညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း အများစုမှာ ပြေလည်မှုမရှိသေးပေ။
ဖေဖော်ဝါရီ ၂၀ ရက်တွင် စက်ရုံရှေ့သပိတ်စခန်း ရှင်းလင်းမှုပြုလုပ်ခဲ့ပြီးနောက် အလုပ်သမားခေါင်းဆောင်အချို့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော်လည်း ယခုအခါတွင် ထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
သပိတ်မှောက်ဖြစ်စဉ်နှင့် ဖေဖော်ဝါရီ ၂၀ ရက်က ဖြစ်ပေါ်ခဲ့သော ရုန်းရင်းဆန်ခတ်မှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်မှုများပြုလုပ်ထားခြင်း မရှိသော်လည်း တရားမဥပဒေကြောင်းအရ အလုပ်ရှင်ဘက်မှ တရားရုံးဦးတိုက်လျှောက်ထားပြီး အရေးယူထားသူနှစ်ဦးသာရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
‘‘ဒါက အလုပ်ရှင်ရဲ့ အခွင့်အရေးပါ။ သူ့ခြံတံခါးဝ ပိတ်ဆို့ထားတဲ့အတွက် သူက တရားရုံး ဦးတိုက်လျှောက်ပြီး တရားမကြောင်းအရ အရေးယူတာပါ။ ရဲ အရေးယူပိုင်ခွင့် ဥပဒေကြောင်း အရတော့ အရေးယူထားမှုမရှိဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူး မြင့်ထွေးက ပြောသည်။ အလုပ်သမားသပိတ်ကို အင်အားသုံးရှင်းလင်းမှုနှင့် အရေးယူမှုများတွင် အလုပ်ရှင်ဘက်မှ တွန်းအားပေးမှုများကြောင့်လည်း ပါဝင်နိုင်ပြီး ရဲတပ်ဖွဲ့နှင့် အလုပ်သမားများသာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြေလည်မှုအဖြေထွက်ရှိခဲ့ခြင်းမရှိဟု အီလန်မြန်မာအထည်ချုပ်စက်ရုံမှ မ၀င်းသီတာက ပြောသည်။
‘‘အခုထိလည်း မပြေလည်သေးဘူး။ သက်ဆိုင်ရာကလည်း အားလုံးကို စောင့်ကြည့်နေတယ်’’ ဟု ၎င်းက ဆိုသည်။
တစ်လနီးပါးကြာ ဖြစ်ပေါ် နေသော အဆိုပါ အလုပ်သမားလစာတိုးမြှင့်ရေးတောင်းဆိုမှုများတွင် အလုပ်သမားဝန်ကြီးဌာနက ပြေလည်မှုရရှိသည်အထိ ညှိနှိုင်းမှုပြုလုပ်ပေးသွားမည်ဖြစ်ပြီး တိုးတက်မှုများလည်းရှိနေပြီဟု ဒုဝန်ကြီး ဦးထင်အောင်က ပြောသည်။
Credit >>> 7Days

0 comments:
Post a Comment