ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ဘက်၌ တရုတ်အစိုးရပါဝင်ပတ်သက်မှု မရှိနိုင်သော်လည်း တရုတ် ကြေးစားများပါဝင်နေဟု ထုတ်ပြန်


ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအတွင်းဖြစ်ပွား နေသောတိုက်ပွဲများတွင် တရုတ် အစိုးရ၏ မူဝါဒအရပါဝင်ပတ် သက်မှုမရှိဟု ယုံကြည်သော်လည်း ကိုးကန့်တိမ်းရှောင်အဖွဲ့၌  တရုတ်ကြေးစားစစ်သားများပါ ၀င်နေသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့လည်း ပါဝင်ပတ်သက်နေကြောင်း ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားလိုက်သည်။
တရုတ်ကြေးစား စစ်သား များနှင့်အတူ  ‘၀’ အဖွဲ့(UWSA)၊ မိုင်းလား အဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအောင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော်(TNLA)၊ SSA (၀မ်ဟိုင်း) တို့ ပါဝင်ပတ်သက်မှုရှိသည်ဟု ဒုတိယ ဗိုလ် ချုပ်ကြီးမြထွန်းဦးက ဖေဖော်ဝါရီ ၂၁ ရက်တွင် နေပြည်တော်ရှိကာ ကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဘုရင့်နောင်ရိပ်သာ၌ ပြုလုပ်သော ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်သည့် ရှင်းလင်းပွဲ၌ ဓာတ်ပုံ အထောက်အထားများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ တရုတ်လူမျိုးတရားခံ ရှစ် ယောက်၊ အလင်းဝင်တွေ၊ ဒီထွက်ဆိုချက်တွေကို စိစစ်ဖော်ထုတ်ထားတဲ့အတိုင်း ဒီတပ်ဖွဲ့မှာ တရုတ်ကကြေးစားတွေပါဝင်တာ မှန်ကန်မှုရှိတယ်လို့ ကျွန်တော်တို့ သုံးသပ်နိုင်ပါတယ်’’ဟုအဆိုပါ ရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ် ကြီး မြထွန်းဦးကဆိုသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍တရုတ်အစိုးရ၏ မူဝါဒအရပါဝင် ပတ်သက်မှု မရှိကြောင်း ယုံကြည်သော်လည်း အောက်ခြေတွင် ဆက်စပ်မှုများ ရှိနေကြောင်း ၎င်းကပြောသည်။
ဆက်လက်၍ ၎င်းက‘‘တစ်ခါ တိုက်ပွဲအတွင်းမှာ ကိုက် ၅၀အ တွင်းမှာ အနီးကပ်ကွပ်ကဲတဲ့အခါ မှာ အော်ဟစ်ပြီးပြောဆိုနေကြတဲ့၊ အမိန့်ပေးကွပ်ကဲနေကြတဲ့စကား သံတွေဟာ တရုတ်ဘာသာစကား နဲ့ပြောဆိုသံတွေ၊ ကချင်ဘာသာ စကားနဲ့ ပြောဆိုသံတွေ၊ ၀ဘာ သာစကားနဲ့ ပြောဆိုတဲ့အသံတွေ၊ နောက်အမျိုးသမီးအသံတွေကိုပါ ကျွန်တော်တို့ကြားနေရပါတယ်။ ဒါတွေဟာ တိုက်ပွဲမှာကိုယ်တိုင် ကိုယ်ကျပါဝင်ပြီးတော့ ဆင်နွှဲနေ ကြတဲ့ ကျွန်တော်တို့ အရာရှိစစ် သည်တွေဆီက ပြန်ပြီးတော့သိရှိ ရတဲ့ အနေအထားတွေ ဖြစ်ပါ တယ်’’ဟု ပြောသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ၂၀၁၄ ဧပြီအတွင်းက တမူးမြို့၊ (၃)မိုင်ရဲကင်းရှေ့၌ ဖမ်းဆီးရမိသော ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ ထွက်ပြေးလာသည့် တရုတ်နိုင်ငံသား ရှစ်ဦးတွင် ကြေးစားစစ်သားနှင့်တရုတ်တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူတို့ ပါဝင်ကြောင်းနှင့် ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ ထုတ်ပေးထားသည့် လက်နက်များတွင် UWSAအဖွဲ့စက်ရုံမှ ထုတ်လုပ်သည့် ချေမှုန်းရေး ရိုင်ဖယ်များ ပါဝင်နေသည်ကိုလည်း ဓာတ်ပုံအထောက်အထားများဖြင့်ပြသခဲ့သည်။
သို့သော် KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကမူ တိုက်ပွဲများတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း ပြောသည်။
‘‘ကိုးကန့်ဒေသမှာ ဖြစ်တဲ့ တိုက်ပွဲတွေမှာ ကျွန်တော်တို့ KIA တပ်ဖွဲ့တွေ မပါဘူးခင်ဗျ။ အဲဒီ လောက်အဝေးကြီးမှာသွားပြီးဖြစ် ဖို့ ကျွန်တော်တို့လုပ်ဖို့လည်း အဲဒီ လောက်အဆင်သင့်မဖြစ်ပါဘူး။ ပါဝင်စရာအကြောင်းလည်းမရှိပါ ဘူး။ သူတို့ရဲ့ပြောဆိုချက်ကတော့ ဘယ်အပေါ်မှာအခြေခံပြီးတော့ ပြောဆိုတာလဲဆိုတာတော့မသိ ဘူးလေ။ ကိုးကန့်တိုက်ပွဲမှာကျွန် တော်တို့ KIAတပ်ဖွဲ့ဝင်တွေမပါ ဘူးဆိုတာ လုံးဝအာမခံပါတယ်’’ ဟုပြောသည်။
ထို့အပြင် ၎င်းက ‘‘သူတို့စစ်ဆင်ရေးလုပ်ချင်တဲ့ အဖွဲ့အစည်းတွေကိုတော့ နာမည်တပ်ပြီးတော့ပြောမှာပေါ့လေ။ သူတို့ရှောင်ချင်တဲ့ အဖွဲ့အစည်းတွေကိုတော့ ဒါတွေကို ကွယ်ဝိုက်ပြီး ပေါ်ပေါ်ထင်ထင်  ပြောမှာမဟုတ်ပါဘူး။ ဒါသူတို့လုပ်နေကျကိစ္စပါ’’ ဟုဆိုသည်။
SSPP/SSA ကလည်း ၎င်းတို့ တပ်ဖွဲ့ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မီဒီယာများသို့ ဖြေကြားထားသည်။
တရုတ်ကြေးစား စစ်သား များပါဝင်နေခြင်းနှင့်ပတ်သက်၍နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နက်အတွင်း ဖြစ်ပွားသည့် ကိစ္စဖြစ်သည့်အတွက် နိုင်ငံ၏ဥပဒေနှင့် စီရင်ဆုံးဖြတ်မည်ဖြစ်ကြောင်း တရုတ်အစိုးရသို့အကြောင်းကြား ထားကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးကဆိုသည်။
ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ ကိုးကန့်တိမ်းရှောင်အဖွဲ့များဘက်မှပါဝင်ပတ်သက်နေသည့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် တာဝန်ယူရမည်ဖြစ်ပြီး မည်သို့ တာဝန်ယူမည်ဆိုသည်ကို ယင်းအဖွဲ့အစည်းများအပေါ် မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း သုံးသပ်မိသည်ဟု ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။
ယခုလ ၉ ရက်မှစ၍ ရှမ်း ပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင် မြန်မာ့တပ်မ တော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့် တိမ်းရှောင်အဖွဲ့တို့ကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ ဒဏ်ရာရရှိသော ကိုးကန့်တိမ်းရှောင်အဖွဲ့ဝင်များ ကို လက်ခံကုသပေးသည့် တရုတ် နိုင်ငံရှိ ဆေးရုံ၊ ဓာတ်ပုံများ၊ ကိုး ကန့်တိုက်ပွဲများကို ဖုန်ကြားရှင် ကိုယ်တိုင်နေထိုင်ကွပ်ကဲနေသည့် တစ်ဘက်နိုင်ငံရှိ ဟိုတယ် ၏ ဓာတ်ပုံများကိုလည်း ရှင်းလင်းပွဲတွင် ဓာတ်ပုံ အထောက်အထားများဖြင့် ပြသခဲ့သည်။
 Credit >>>> 7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment