ဧရာဝတီသပိတ်စစ်ကြောင်းမှ သပိတ်မှောက်ကျောင်းသားများကို လိုက်ခေါ်သော်လည်း ပြန်မလိုက်


ဧရာဝတီတိုင်းဝန်ကြီးချုပ်၏ အစီအစဉ်ဖြင့် ဧရာဝတီ သပိတ်စစ်ကြောင်းမှ သပိတ်မှောက်ကျောင်းသားများကို ဖေဖော်ဝါရီ ၅ ရက်တွင် ဆရာ၊ ဆရာမများနှင့် ၎င်းတို့၏ မိဘများက ပန်းတနော်မြို့၊ ညောင်ပင်သာဘုန်းကြီးကျောင်းသို့ သွားရောက်ခေါ်ယူသော်လည်း ကျောင်းသားများက ပြန်မလိုက်ကြကြောင်း သတင်း  ရရှိသည်။
ကျောင်းသား၊ ကျောင်းသူများကို သွားရောက်ခေါ်ယူရာတွင် ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပုသိမ်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်အပါအ၀င် ကျောင်းသားမိဘများ၊ မြို့မိ မြို့ဖများနှင့် ဆရာ၊ ဆရာမအင်အား လေးဆယ်ဝန်းကျင်က ခရီးသည်တင် ဘတ်စ်ကားတစ်စီးဖြင့် သွားရောက်ခဲ့ကြခြင်းဖြစ်သည်။
ကျောင်းသားများ ညအိပ် တည်းခိုမည့် ပန်းတနော် မြို့နယ် ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်းသို့ ဆရာ၊ ဆရာမ နှစ်ဦးအပါအ၀င် ကျောင်းသားမိဘစုစုပေါင်း ခုနစ်ဦးခန့်သာ သွားရောက်ခဲ့ပြီး ကျန်သူများမှာ ပန်းတနော် အုပ်ချုပ်ရေးမှူးရုံးတွင် နေခဲ့ခြင်း ဖြစ်သည်။
သပိတ်မှောက် ကျောင်းသားသပိတ်စစ်ကြောင်း ဧရာဝတီတိုင်းကျော်ပါက တာဝန်ယူမည် မဟုတ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ထိုနေ့နံနက်ပိုင်းက ပြောခဲ့သည်။
‘‘ကလေးတွေကို ရန်ကုန်ထိအောင် မပါစေချင်ဘူး။ သူတို့တွေဧရာဝတီတိုင်းထဲမှာ လုပ်ချင်တာ လုပ်ပါစေ။ ရန်ကုန်ရောက်ရင် ရှုပ်ထွေးကုန်မယ်။ အဲဒီကြားမှာ သူတို့ကို အကြောင်းပြပြီး အကြမ်းဖက်မှုတွေ ၀င်ရောက်လာရင်လည်း တာဝန်ရှိသူတွေက မလိုလားအပ်တဲ့ ဖြေရှင်းနည်းတွေသုံးပြီး ဖြေရှင်းရင် ကလေးတွေ နစ်နာမှာကို မလိုလားဘူး’’ဟု ဦးသိန်းအောင်ကပြောသည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ်သည် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူအနေဖြင့် မိဘများအား အကျိုးအကြောင်းခေါ်ပြောခြင်းသာဖြစ်ပြီး ဖိအားပေးခြင်းမဟုတ်ကြောင်း ၀န်ကြီးချုပ်ကပြောသည်။
ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်း ၀န်ကြီးချုပ်ရုံးခန်းတွင် ဧရာဝတီသပိတ်စစ်ကြောင်း၌ ပါဝင်သော ကျောင်းသားမိဘများအား ခေါ်ယူတွေ့ဆုံပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 ဧရာဝတီသပိတ်စစ်ကြောင်းသည် ပုသိမ်မြို့မှ ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက် ညတွင် ပန်းတနော်မြို့၌ ညအိပ်ရပ်နားမည်ဖြစ်သည်။ ဧရာဝတီ သပိတ်စစ်ကြောင်းသို့ ဖေဖော်ဝါ ရီ ၄ ရက်ညတွင် ဒဂုံတက္ကသိုလ် ကျောင်းသားသပိတ်စစ်ကြောင်း လာရောက်ပူးပေါင်းခဲ့ပြီး ဖေဖော် ၀ါရီ ၆ ရက်တွင် ထားဝယ် သပိတ်စစ်ကြောင်း လာရောက်ပူးပေါင်းရန် စီစဉ်ထားကြောင်း သတင်းရ ရှိသည်။
‘‘အမျိုးသားပညာရေးဥပဒေကို ကလေးတွေက ပြုပြင်ပေးဖို့ တောင်းဆိုတာပါ။ ဒါကလည်း ဖြစ်သင့်တာကို တောင်းဆိုတာပါ။ ကျွန်တော်တို့ကတော့ ကလေးတွေဘက်က ထောက်ခံတယ်။ ဒါပေမဲ့ ပညာရေး၊ ကျန်းမာရေး ထိခိုက်တာတော့ စိုးရိမ်တာပေါ့။ တစ်နှစ်ပညာသင်စရိတ်က နည်းတာမှ မဟုတ်တာ’’ဟု သပိတ် စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူ ဦးထိန်ဝင်းကပြောသည်။
ဧရာဝတီ သပိတ်စစ်ကြောင်းသည် ပန်းတနော်မြို့မှ ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲမြို့များအတိုင်း ဆက်လက်ချီတက်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးမြို့နယ်များကို ကျော်ဖြတ်၍ လှိုင်သာယာအလုပ်သမားသပိတ်စစ်ကြောင်းနှင့် ပူးပေါင်းကာ ရန်ကုန်မြို့၌ အခြားသော စစ်ကြောင်းများနှင့် ပူးပေါင်းသပိတ်မှောက်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
‘‘အစိုးရဘက်က ပံ့ပိုးပေးတာထက် အခုလိုဖိအားပေးခြိမ်းခြောက်တာတွေ မလုပ်တာ ပိုကောင်းမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုပဲ ဖိအားပေးပေး၊ ဘယ်လိုပဲ ခြိမ်းခြောက်ခြိမ်းခြောက် ရှေ့ဆက်ချီ တက်မှာပါပဲ’’ဟု သပိတ်စစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ပုသိမ်ဂျီတီစီကျောင်းမှ ဆရာ ဦးဝေယံအောင်ကပြောသည်။
ထို့အပြင် ယမန်နေ့ညပိုင်းတွင် ဧရာဝတီတိုင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက သပိတ်မှောက်ကျောင်းသားများကို  လာရောက်တွေ့ဆုံပြီး ကျောင်းသားများကို ပညာရေးအတွက်သာ တောင်းဆို သပိတ်မှောက်နေသည်ကို ယုံကြည်သည့်အတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကာ၊ ချီတက်စဉ် သွားလာရေးအခက်အခဲများရှိပါက အစိုးရအဖွဲ့မှ ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
Credit >>> 7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment