ဘဏ္ဍာငွေများကို ၀န်ကြီးဌာနများက နေ့ပြန်တိုးပေးခြင်း၊ ကိုယ်ပိုင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းများပြုလုပ်နေဟု လွှတ်တော်ကိုယ်စားလှယ်များပြောကြား


ပြည်ထောင်စုဝန်ကြီးဌာနများသည် နိုင်ငံတော်ဘဏ္ဍာငွေများကို  နေ့ပြန်တိုးပေးခြင်း၊ ကိုယ်ပိုင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း စသည့် အလွဲသုံးစားမှုများ ပြုလုပ်နေကြသည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ပြောကြားလိုက်သည်။
အစိုးရ၀န်ကြီးဌာနများသည် နိုင်ငံတော်၏ ဘဏ္ဍာငွေများ လက်ဝယ်ကိုင်ဆောင်ထားပြီး မိမိပိုင်ငွေစုစာအုပ်များသို့ထည့်သွင်း၍ အတိုးပေးစားခြင်း၊ ငွေကြေးများထောက်ပံ့ချေးငှားပြီး  လုပ်ငန်းဆောင်ရွက်မှုမရှိခြင်းများ အရေးယူဆောင်ရွက်မှု အားနည်းသောကြောင့်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက  ဌာနများအလွဲသုံးစားမှု အထောက်အထားများကို လွှတ်တော်တွင် ထောက်ပြပြောဆိုခဲ့သည်။
‘‘နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကိုတစ်နှစ်ထက်တစ်နှစ် ပိုတိုးပေးနိုင်ဖို့ လွှတ်တော်က ခွင့်ပြု ပေးလေ ဘဏ္ဍာငွေအလွဲသုံးစားမှု ပြုလုပ်မှုတွေပိုများလေဖြစ်တာကို တွေ့ရှိရပါတယ်’’ဟု ဒေါ်စန္ဒာမင်းက ဖေဖော်ဝါရီ ၃ရက်တွင်ပြုလုပ်သည့်  ပြည်ထောင်စုလွှတ်တော်၌ဆွေးနွေးပြောဆိုခဲ့သည်။
၂၀၁၃-၁၄ဘဏ္ဍာနှစ် ဒုတိယခြောက်လ နိုင်ငံတော်၏ စာရင်းများ စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များ၊ အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအမှတ်စဉ် (၁/၂၀၁၅)တွင် အထက်ပါ အချက်များနှင့် ၀န်ကြီးဌာနများ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပါရှိသည်။

ထိုကဲ့သို့ ဘဏ္ဍာငွေများအလွဲသုံးစားမှုများအတွက် အစိုးရ ၀န်ကြီးဌာနများမှ တာဝန်ယူမှု၊ တာဝန်ခံယူရန်လိုအပ်ပြီး တစ်နှစ်ထက်တစ်နှစ် အထက်ပါပုံစံအတိုင်း ပြုလုပ်နေပါက အာဆီယံ အသိုက်အ၀န်း ဒေသတိုင်းပြည်များနှင့် ရင်ပေါင်တန်းနိုင်ရန်မှာ လုံးဝဖြစ်နိုင်မည်မဟုတ်ကြောင်း ယင်းအစီရင်ခံစာအပေါ် ပါဝင် ဆွေးနွေးခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကပြောကြားသည်။
အစိုးရဌာနများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းဖောက်ဖျက်မှု များပြားလာသောကြောင့် ပြည်သူ့ဘဏ္ဍာငွေဆိုင်ရာ ဥပဒေရေးဆွဲပြဋ္ဌာန်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အကြံပြုဆွေးနွေးမှုအပေါ်   ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က လုပ်ဆောင်ပေးမည်ဟု ပြန်လည် ဖြေကြားသွားခဲ့သည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများပါဝင်သော နိုင်ငံတော်ဘဏ္ဍာငွေများမှ ရငွေနှင့်သုံးငွေများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စစ်ဆေးခဲ့ရာ စုစုပေါင်း ရငွေနှင့်သုံးငွေ ၁၈, ၈၂၃, ၈၂၆အနက် ၁၂,၁၆၅,၈၅၅ကျပ် ဘီယီယံကို ထုတ်နုတ်စစ်ဆေးနိုင်ခဲ့ကြောင်း အစီရင်ခံစာတွင်ပါရှိသည်။
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment