မူလတန်းနှင့်အလယ်တန်း
အတန်းတင်စာမေးပွဲများကို စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့မှလွဲ၍ ကျန်အတန်းများ
ယခင်နှစ်များကထက် နောက်ကျမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျောင်းပြင်ပစစ်စာမေးပွဲ စနစ်(အစိုးရစစ်)ဖြင့် ဖြေဆိုရမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျောင်းသူ၊ ကျောင်းသားများသည် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက်အထိ ဖြေဆိုရမည်ဖြစ်ပြီး အဆိုပါစာမေးပွဲများ ပြီးဆုံးချိန်တွင် ကျန်အတန်းများ၏ အတန်း တင်စာမေးပွဲများကို ကျင်းပရန် စီစဉ်ထားသောကြောင့် ယခင်နှစ်များကထက် အနည်းငယ် နောက်ကျမည်ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာဦးစီးဌာနမှ သတင်းရရှိသည်။
ယခင်နှစ်များက အခြေခံပညာ ကျောင်းများရှိ မူလတန်းနှင့် အလယ်တန်းအဆင့် အတန်းတင်စာမေးပွဲများကို နှစ်စဉ်ဖေဖော်ဝါရီလဆန်းတွင် ကျင်းပပြုလုပ်လေ့ရှိပြီး အဆိုပါစာမေးပွဲများ ပြီးဆုံးချိန်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပလေ့ရှိသည်။
‘‘အခုက ကလေးတွေစာမေး ပွဲဖြေရမယ့်ရက်ကို ပညာရေးဝန်ကြီးဌာနကို တင်ပြထားတယ်။ ပညာရေးဝန်ကြီးဌာနက ခွင့်ပြု တယ်ဆိုတဲ့ အမိန့်စာပြန်မကျလာသေးလို့။ ဖြေရမယ့်ရက်က လေးတန်း၊ ရှစ်တန်းစာမေးပွဲပြီးမယ့် ဖေဖော်ဝါရီ ၂၆ ရက် နောက်ပိုင်းနဲ့ တက္ကသိုလ်ဝင်တန်းဖြေမယ့် မတ် ၁၁ ရက်ကြားထဲမှာ ဖြစ်ဖို့များတယ်’’ဟု အမှတ် (၁) အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောသည်။
အခြေခံပညာကျောင်းများ၏ မူလတန်းနှင့် အလယ်တန်းအဆင့် အတန်းတင်စာမေးပွဲများ ဖြေဆိုရမည့်ရက်နှင့် အချိန်စာရင်းများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် မကြာမီထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
‘‘အရင်ပုံမှန်စာမေးပွဲက ဖေဖော်ဝါရီလဆန်း ပထမပတ်၊ ဒုတိယပတ်လောက်စစ်တာများတယ်။ အဲဒါမှ လမကုန်ခင်စစ်လို့ ပြီးသွားတယ်။ အဲဒါမှ ၁၀ တန်း စာမေးပွဲအတွက် ပြင်ဆင်ဖို့ အချိန်ရတယ်လေ။ ဒီနှစ် အခြေအနေက လေးတန်း၊ ရှစ်တန်း စာမေးပွဲကလည်းရှိနေတယ်ဆိုတော့ ဘယ် အချိန်ဖြစ်မလဲဆိုတာ မသိရသေးဘူး’’ဟု ဒဂုံ (မြောက်ပိုင်း)မြို့နယ်ရှိ အထက်တန်းပြဆရာမတစ် ဦးက ပြောသည်။
‘‘စာမေးပွဲဖြေရမယ့် ရက်က အတိအကျမသိရသေးဘူး။ အရင်နှစ်ကထပ်က ဒီနှစ်က ပိုနောက်ကျနေတယ်။ အရင်နှစ်ကဆို ဒီအချိန် လောက်ဆို စာမေးပွဲဖြေရမယ့်အချိန်စာရင်းကို သိနေပြီ’’ဟု ကြည့်မြင်တိုင်မြို့နယ်ရှိ ဒုတိယတန်းကျောင်းသားမိခင် ဒေါ်သင်းသင်း က ပြောသည်။
ယခု ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ အခြေခံကျောင်းများ၌ တက်ရောက်ပညာသင်ယူ နေသော ကျောင်းသား ၈ ဒသမ၇သန်းကျော်ရှိသည်။

Credit >>>> 7day

0 comments:
Post a Comment