ရန်ကုန်မြို့လယ်ကောင် တွင် သပိတ်မှောက်ကျောင်းသား များအား ထောက်ခံဆန္ဒပြသော
ကျောင်းသားများကို ရဲတပ်ဖွဲ့နှင့်လက်မောင်းတွင် တာဝန်လက်ပတ်အနီပတ်ထားသော
အရပ်ဝတ်များက ရိုက်နှက်ဖြိုခွင်းခဲ့ပြီး ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ
မနီလာသိန်းအပါအ၀င် သုံးဦးနှင့် ဆန္ဒပြကျောင်းသားငါးဦး
စုစုပေါင်းရှစ်ဦးကိုဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
၈၈ မျိုးဆက်(ငြိမ်း/ပွင့်) မှ ဖမ်းဆီးခံရသူ သုံးဦးသည် ဆန္ဒပြပွဲတွင် ပါဝင်ခြင်းမရှိဘဲ ဆန္ဒပြကျောင်းသားများ၏ လုံခြုံရေးစိတ်မချရ၍ လာရောက်ဝန်းရံပေးခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင်ပါဝင်သည့် စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားခေါင်းဆောင် ကိုမင်းသူကျော်ကပြောသည်။
မြို့တော်ခန်းမရှေ့တွင် ကျောင်းသားများက သပိတ် မှောက်ကျောင်းသားများအား ထောက်ခံဆန္ဒပြပွဲပြုလုပ်မည့် သတင်းကို ကြိုတင်သိရှိသောကြောင့် ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်သည် မတ်လ ၅ ရက် ညနေ သုံးနာရီခွဲတွင် ရန်ကုန်မြို့တော်ခန်းမရှေ့နေရာအနီး၌ဥပဒေနှင့် မညီညွတ်သည့် လူစုလူဝေးများမပြုလုပ်ကြရန်နှင့် မသက်ဆိုင်သောသူများ မလာရောက်ကြရန်အသံချဲ့စက်ဖြင့် ကြေညာခဲ့သည်။
‘‘ဒီနေရာမှာ လူငါးဦးထက် ပိုနေလို့မရပါဘူး။ အဲဒီလိုနေရင် ဥပဒေအရ အရေးယူမှာပါ။ အဲဒါ ကြောင့် သတိပေးတာပါ’’ဟု ဦးမျိုးနိုင်က ပြောသည်။
ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်နှင့် လက်တွင် တာဝန်လက် ပတ်အနီပတ်ထားသော အရပ် ၀တ်လုံခြုံရေး ၁၀၀ ကျော်သည် မြို့တော်ခန်းမရှေ့တွင် နေရာယူ ထားသည်။
ညနေလေးနာရီတွင် လူဦး ရေ ငါးဆယ်ခန့်ရှိသော ကျောင်း သားများက မြို့တော်ခန်းမရှေ့ တွင် သပိတ်မှောက်ကျောင်းသားများအား ထောက်ခံသည့် ဆန္ဒပြပွဲပြုလုပ်ခဲ့သည်။ ထိုအချိန်တွင် ကျောက်တံတားမြို့ နယ်အုပ်ချုပ်ရေးမှူးက ဆန္ဒပြနေသည့် ကျောင်းသားများ လူစုခွဲရန်ကြေညာခဲ့သည်။ ညနေ၄ နာရီ ၂၀ မိနစ်တွင် ၎င်းက မိနစ်၃၀ အတွင်း လူစုခွဲပေးရန် ကြေညာပြီး လူစုခွဲခြင်းမရှိပါက ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ အရ လူစုအား ဖယ်ရှားသွားမည်ဟုထပ်မံကြေညာပြန်သည်။
ကြေညာပြီးမိနစ် ၃၀ မပြည့်မီ ၁၅ မိနစ်အလို ၄ နာရီ ၃၅ မိနစ်တွင်လက်တွင် တာဝန်လက်ပတ်အနီပတ်ထားသော အရပ်ဝတ်(စွမ်းအားရှင်)များက ဆန္ဒပြကျောင်းသားများအား စတင်ထိုးကြိတ်ခဲ့သောကြောင့် ကျောင်းသားများနှင့်လေးမိနစ်ခန့်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
ထို့နောက် ခေတ္တပြန်ငြိမ် သွားပြီး ငါးမိနစ်အကြာတွင် အ ရပ်ဝတ်လုံခြုံရေးများက ကျောင်း သားများအား ထပ်မံထိုးကြိတ်ပြီး ၎င်းတို့၏ နောက်တွင် နေရာယူထားသော ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များဖြင့် ကျောင်း သားများအား ရိုက်နှက်ကာ လူစုခွဲခဲ့ခြင်းဖြစ်သည်။ ‘‘အဲဒါစွမ်းအားရှင်တွေပဲ။ အရင်က ပုံစံအတိုင်းပဲ’’ဟု ကျောင်းသားများအား ရိုက်နှက်ဖြိုခွင်းမှုကို လာရောက်ကြည့်ရှုသော အသက် (၅၀) အရွယ် အမျိုးသား တစ်ဦးက ၎င်း၏ အမြင်ကိုပြော သည်။
ယင်းသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန်တွင်ရဲတပ်ဖွဲ့က မနီလာသိန်းအပါအ၀င် ရှစ်ဦးအား ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသည့် ရှစ်ဦးကို ကျောက်တံတားမြို့နယ်အုပ်ချုပ် ရေးမှူးက အမှုဖွင့်တိုင်ကြားသွား မည်ဟု ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ကျောင်းသားတွေကို ဒီလို ရိုက်နှက်ဖြိုခွင်းတာကို လုံးဝ လက်မခံပါဘူး။ ကျွန်တော်တို့ အချိန် တစ်ခုပေးမယ်။ အဲဒါနဲ့ ပတ်သက် လို့ ကျွန်တော်တို့က လှုပ်ရှားမှု တွေကို အမြန်ဆုံးလုပ်မယ်’’ဟု ကိုမင်းသူကျော်ကပြောသည်။

Credit >>>> 7Day
0 comments:
Post a Comment