ခရစ္စမတ်နေ့ ဆိုသည်မှာ ချစ်သူ ခင်သူများနှင့် အတူ ကုန်လွန် ဖြတ်သန်း ရသော နေ့တစ်နေ့ အဖြစ် အစဉ်အလာ မှတ်ယူခဲ့ ကြသည်။ ထို့နေ့ တွင် ရိုးသားစွာ ပျော်ကြရွှင် ကြမည်။ နယ်ဝေး တစ်နေရာ ရောက်ရှိနေ လျှင်တောင် ကိုယ့်မွေးရပ်ကို ပြန်နိုင်အောင် အတတ် နိုင်ဆုံး ကြိုးစား ကြသည်။ ဆွေမျိုးများ စုံသော နေ့တစ်နေ့ ဖြစ်သည်။ ခေတ်စနစ်က ပြောင်းလာသည်နှင့် အမျှ ခရစ္စမတ်နေ့ကို တစ်ဦးတည်း ကုန်လွန် ချင်သူ များလည်း ရှိလာ ခဲ့သည်။ ခရစ္စမတ်ကို တစ်ဦးတည်း ဖြတ်သန်း ချင်ကြောင်း ပြောဆိုသည်ထက် ပိုမို အံ့သြစရာ ကောင်းသည်ကို မကြားဖူးကြောင်း မိသားစုနှင့် အတူ ကုန်ဆုံးချင်သူ များက ပြောကြသည်။
ဥပမာပေး ရလျှင် လန်ဒန်မြို့တွင် မွေးဖွားသည့် အိုင်းရစ်ရှ် လူမျိုး ဂျိမ်းစ်ဂရေး၏ ဖြစ်ရပ်ကို ကြည့်ပါ။ ဂျိမ်းစ်ဂရေးသည် ခရစ္စမတ် ကာလကို ကိုးနှစ် ဆက်တိုက် တစ်ဦးတည်း ဖြတ်သန်း ခဲ့သူ ဖြစ်သည်။ ဂျိမ်းစ်ဂရေးက ခရစ္စမတ်နေ့တွင် သူနှင့် အဖော်လုပ်ပေးသူ တစ်ဦးကို အလို ရှိကြောင်း The Irish Post ၌ ယမန်နှစ် ခရစ္စမတ် မတိုင်ခင်တွင် ကြော်ငြာ တစ်ခုကို ထည့်သွင်းခဲ့သည်။
ယခုနှစ် အစောပိုင်း တွင်လည်း အမည် မဖော်လိုသူ မုဆိုးမ တစ်ဦးက ဒေဗန်ရှိ စားသောက်ဆိုင် တစ်ခုကို ၎င်းကိုယ်တိုင်နှင့် ခရစ္စမတ်နေ့တွင် တစ်ဦးတည်း အချိန်ကုန် လိုသူ အခြားလူ (၅၀) ဦးတို့အတွက် ငှားရမ်းမှု ပြုလုပ်ခဲ့သည်။ စားသောက်ဆိုင်ထဲ ဖြစ်ပေမယ့် တစ်ဦးနှင့် တစ်ဦး စကား မပြောဘဲ အချိန် ကုန်လွန်ကြ ရမည်ဟု ၎င်းငှားရမ်းသူက ညွှန်ကြား ထားသည်။
ခရစ္စမတ် ကာလမှာ ပျော်ရရွှင် ရမည့် ကာလဖြစ် သော်လည်း ငွေကြေး အကျပ်အတည်း ကာလဖြစ် သောကြောင့် ၀မ်းထဲက မပျော်ရွှင် သော်လည်း ဟန်ဆောင် ပြုံးထား ရမည့် သူများရှိနေ ခဲ့သည်။ ယမန်နှစ် ဒီဇင်ဘာတွင် နှစ်သိမ့် ဆွေးနွေး အကြံပေးသော ပရဟိတ အဖွဲ့အစည်း များသို့ ဗြိတိန်နှင့် အိုင်ယာလန်တို့မှ ပြည်သူ အချို့ စိတ်ဖိစီး နေကြောင်း၊ ငွေကြေး အရ ပူပန် နေကြောင်း ဖုန်းဆက်ပြီး အကြံဉာဏ် တောင်းခံမှု (၂၄၄၀၀၀) မှု ရှိခဲ့သည်။ ယင်းစာရင်း အရ ကြည့်လျှင် ခရစ္စမတ် ကာလတွင် ဟန်ဆောင် ပြုံးနေရသူ များစွာရှိ နေမည်ကို ယုံမှားစရာ မရှိတော့ချေ။
ဂျိမ်းစ်ဂရေး ကဲ့သို့ ဖြစ်ရပ်မျိုးက သက်ကြီး ရွယ်အို များကြား အထီးကျန ဆန်မှုများ ရှိနေကြောင်းကို မြင်သာစေ ခဲ့သည်။ ပျော်ရရွှင်ရမည့် ရာသီတွင် တစ်ဦးတည်း အချိန်ကုန် လွန်လိုမှု၏ အကြောင်း အရင်းခံမှာ လူတစ်ဦးနှင့် အခြားသူ တစ်ဦး အကြား ကွဲပြားမှုရှိနိုင် ပါသည်။ ဘ၀ အဖော်မွန်ကို ဆုံးရှုံးခဲ့ ရသည့် လွန်ခဲ့သော နှစ်နှစ်မှ စပြီး အသက် (၄၈) နှစ်အရွယ် ဂရက်ဖစ် ဒီဇိုင်နာ ရော့ဘ်မိုးသည် ခရစ္စမတ်ကို တစ်ဦးတည်း ဖြတ်သန်း ခဲ့သည်။ ယခုနှစ် တွင်လည်း ဒီအတိုင်းပဲ ဖြတ်သန်း ဦးမည် ဖြစ်သည်။ ချစ်သူ ခင်သူကို ဆုံးရှုံးရ မှုကြောင့် ၀မ်းနည်း ကြေကွဲ လွန်းပြီး တစ်ဦးတည်း အချိန် ကုန်ဆုံးခြင်း တော့မဟုတ်ပါ။ တစ်ဦးတည်း ဖြတ်သန်းခြင်းကြောင့် အပြုသဘော ဆောင်သော အတွေ့အကြုံများ ရှိလာ သောကြောင့်သာ ဖြစ်သည်။ ခရစ္စမတ်မှာ တစ်နေရာရာမှာ လူတစ်စုနဲ့ အတူရှိနေ ရမည် ဆိုသည့် အတွေး မရှိဘဲ တစ်ဦးတည်း အချိန်ကုန်ခြင်းကြောင့် မမျှော်လင့် ထားသော အပြု သဘော ဆောင်သည့် ရလဒ်များ ရှိခဲ့ကြောင်း သူက ပြောသည်။ ခရစ္စမတ်ကို တစ်ဦးတည်း အချိန်ကုန်မည်ဟု မိတ်ဆွေ သူငယ်ချင်း များကို ပြောဆို လိုက်သည့် အခါတွင် မနာလိုခံရ မှုတောင် ရှိခဲ့ကြောင်း မိုးကပြောသည်။
နှစ်တစ်နှစ်တွင် တစ်ရက်လောက် တစ်ဦးတည်း နေထိုင်ခြင်းကြောင့် အထီးကျန် ဆန်သည်၊ လူမှု အသိုင်းအ၀ိုင်းကို မခင်တွယ်သည်ဟု သတ်မှတ်လို့ မရနိုင်ကြောင်း စိတ်ပညာရှင် ဒေါက်တာ အာသာကက်ဆီဒီက ပြောဆိုခဲ့သည်။ တစ်ဦးတည်း နေလို့ အထီးကျန်ဆန် သည်ဟု သတ်မှတ်ခံ ရသော်လည်း တစ်ဦးတည်း နေထိုင်ခြင်း၏ သုခများက အထင်အရှား ရှိနေကြောင်း၊ အရာရာကို လူအုပ်ကြီး အတိုင်း လိုက်လံ လုပ်ဆောင်ရမည် ဆိုသည့် စံနှုန်းရှိ နေသည့် ကမ္ဘာကြီးတွင် လူအုပ်ကြီးမှ ခွဲထွက် လိုက်ခြင်းကြောင့် အံ့သြစရာ အတွေ့အကြုံ များရှိလာ နိုင်ကြောင်း သူကပြောသည်။
သို့သော် ကိုယ်နေထိုင်သည့် ကမ္ဘာ့ အစိတ်အပိုင်း နှင့်လည်း သက်ဆိုင်နေ သေးကြောင်း၊ အနောက်ကမ္ဘာတွင် လူမှုရေးအရ သီးခြား နေထိုင် ခြင်းကို အပြု သဘောဆောင်ပြီး မမြင်ကြဘဲ ခရစ္စမတ်ကဲ့သို့ အချိန်အခါမျိုးတွင် မိတ်ဆွေများနှင့် တစ်နေကုန် ရှိနေရမည် ဆိုသည့် သတ်မှတ်ချက်က ကြီးစိုး နေဆဲ ဖြစ်ကြောင်း ဒေါက်တာ ကက်ဆီဒီက ပြောသည်။
အသက် (၂၅) နှစ်အရွယ် ကျောင်းသူ မိုနီကာ ပယ်လန်ဘာ့ခ်သည် ကိုယ့်သဘော ဆန္ဒဖြင့် ခရစ္စမတ်တွင် တစ်ဦးတည်း အချိန် ကုန်ဆုံးမည် ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဘုရား အများကြီး ကိုးကွယ်သူ အဖြစ် ကြွေးကြော် ထားသည့် မိုနီကာ ပယ်လန်ဘာ့ခ်က ခရစ်ယာန် ပြက္ခဒိန်တွင် အရေးအပါ ဆုံး နေ့ရက် တစ်ခုကို ချီးကျူး ဂုဏ်ပြုပြီး နေထိုင် ရမည်ကို မနှစ်သက်နိုင်ဘဲ ခရစ္စမတ်နေ့ကို အများ ပြည်သူ ဆိုင်ရာ အားလပ်ရက် အဖြစ်သာ သတ်မှတ် လိုခဲ့သည်။
အခြားလူများက ၎င်းအပေါ် ဘာသာရေး အမြင် တစ်ခုအား ဖိအားပေး လာမည်ကို လက်မခံ နိုင်ကြောင်း၊ မိသားစုနှင့် အတူ အချိန် ကုန်ဆုံးဖို့ သူ့အပေါ်တွင် တာဝန်မရှိဟု ခံယူထားပြီး ကိုယ်နှိုက်က မပျော်ရွှင်ဘဲ ဟန်ဆောင် ပြုံးကာ အခြားသူ များ၏ ပျော်ရွှင်မှုကို မဖျက်ဆီး ချင်ကြောင်း မိုနီကာ ကပြောသည်။
သို့သော် သက်တူရွယ်တူ ကျောင်းသား များက သူ၏ အမြင်ကို နားမလည် ကြကြောင်း မိုနီကာက ပြောသည်။ ခရစ္စမတ်နေ့မှာ တစ်ယောက် တည်း အချိန် ကုန်ဆုံးမည်ဟု ပြောဆိုလိုက် ပြီးနောက် မိတ်ဆွေများနှင့် အိမ်နီးနားချင်း များက သူတို့၏ ခရစ္စမတ် ပါတီကို ဖိတ်ခေါ်ခဲ့ ကြကြောင်း၊ မိတ်ဆွေ များက သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံနေသည်ကို ပြသလို သောကြောင့် ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း၊ သို့သော် တစ်ဦးတည်း နေရသည်က ပိုမို လွတ်လပ်ပြီး စိတ်သက်သာရာ ရသည်ဟု ထင်မြင် မိကြောင်း မိုနီကာက ၀န်ခံသည်။ အသက် (၃၀) နှစ်အရွယ် စာရေးဆရာမ ဒီယန်း အိုဖီလီကတော့ ခရစ္စမတ် ကာလတွင် တစ်ဦးတည်း နေထိုင်ခြင်းကို ပတ်ဝန်းကျင်က လက်မခံနိုင်သေးကြောင်း ပြောဆိုခဲ့သည်။
ခရစ္စမတ်မှာ ဘာလုပ်မလဲလို့ မေးရင် ကျွန်မ ယောင်ဝါးဝါးပဲ ဖြေပါတယ်။ အရင်က ခရစ္စမတ်မှာ တစ်ယောက်တည်း နေမယ်လို့ ပြောရင် လူတွေ ပြောပုံဆိုပုံက နည်းနည်းများ ရိုင်းလာကြ သလားလို့၊ မိသားစု မရှိသူ၊ စိတ်ခံစားချက် ကင်းမဲ့သူ အစရှိတဲ့ အသုံးအနှုန်းတွေတောင် ပါလာ တတ် တယ်လေ။ ပြောရရင်တော့ ရိုင်းတာ ကတော့ သူတို့ ပြဿနာပါ။ ကျွန်မက တော့ မရိုင်းဘူး ဟု သူက ပြောသည်။ ပြောရလျှင်လည်း ခရစ္စမတ်ဆိုသည်မှာ ကိုယ်ဖန်တီးသည့် အရာသာ ဖြစ်ပါသည်။ မိသားစုဝင်များ၊ ချစ်သူခင်သူ များနှင့် အချိန် ကုန်ဆုံးလို သူများရှိ သကဲ့သို့ မိသားစု တာဝန်၊ ဘာသာရေး တာဝန် မရှိဘူးဟု ယူဆပြီး တစ်ဦးတည်း အချိန်ကုန်ဆုံးလိုသူများလည်း ရှိနေမှာ ဖြစ်သည်။ လူအမျိုးမျိုး စိတ် အထွေထွေသာ ဖြစ်ပါသည်။
Credit >>> The Messenger
0 comments:
Post a Comment