ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ၁၃.၁၂.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်အတွင်း သတင်းစုံစမ်း ဆောင်ရွက်စဉ် လှိုင်သာယာမြို့နယ်၊ ဆင်ဖြူရှင်လမ်း၌ New Click 125 နီ/နက်ရောင်ဆိုင်ကယ် (၁)စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိသူ အင်းစိန်မြို့နယ်နေ သန်းအောင်(၅၄)နှစ်အား စစ်ဆေးဆောင်ရွက်ခဲ့ရာ ထန်းတပင်မြို့နယ်၊ ပေါက်တန်းကျေးရွာ၌ ဆိုင်ကယ် ကယ်ရီမောင်းသူ အမျိုးသားတစ်ဦးအား ဘီယာထဲတွင် အိပ်ဆေးထည့်တိုက်ခဲ့ပြီး ၎င်းဆိုင်ကယ်အား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သိမ်းဆည်းကာ ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်း (ပ)၁၈၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ သန်းအောင်အား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးရာ ၎င်းသည် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လအတွင်းက ၁၂၀၀ အချိန်ခန့်တွင် အင်းစိန်ပန်းခြံ ကားမှတ်တိုင်တွင်ရပ်နေသော အသက် (၄၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးကို မင်္ဂလာဒုံပန်းခြံအတွင်းအအေးဆိုင်သို့ ခေါ်ဆောင်ကာ အအေးဗူးအတွင်း အိပ်ဆေးမှုန့်ထည့်၍ တိုက်ကျွေးခဲ့ရာ အိပ်ပျော်သွားစဉ် ၎င်းအမျိုးသမီးထံမှ ရွှေဆွဲကြိုး (၁)ကုံးနှင့်ရွှေလက်စွပ်(၁)ကွင်းကိုလည်းကောင်း၊ ဇူလိုင်လအတွင်းကပင် ၁၄၃၀ အချိန်ခန့်၌ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်တွင် ရပ်နေသော အသက်(၃၅)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးအား မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း အတွင်းရှိ အအေးဆိုင်သို့ခေါ်ဆောင်ကာ အအေးဗူးအတွင်း အိပ်ဆေးမှုန့်ထည့်၍ တိုက်ကျွေးခဲ့ရာ အိပ်ပျော်သွားစဉ် ၎င်းအမျိုးသမီးထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေလက်စွပ်(၁)ကွင်းနှင့် ကျောက်ဖြူပါ ရွှေနားကပ်(၁)ရံ တို့ကိုလည်းကောင်း ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
အလားတူ ၂၀၁၄ ခုနှစ်၊ သြဂုတ်လအတွင်းက ၁၂၃၀ အချိန်ခန့်တွင် အင်းစိန်ပန်းခြံကားမှတ်တိုင် တွင်ရပ်နေသော အသက်(၄၈)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ကညနရုံးအနီးရှိ အအေးဆိုင်သို့ခေါ်ဆောင်ကာ အအေးဗူးအတွင်း အိပ်ဆေးမှုန့်ထည့်၍ တိုက်ကျွေးခဲ့ရာ အိပ်ပျော်သွားစဉ် ၎င်းအမျိုးသမီးထံမှ ရွှေဆွဲကြိုး (၁)ကုံးနှင့် ရွှေလက်စွပ်(၁)ကွင်းကိုလည်းကောင်း၊ စက်တင်ဘာလ အတွင်းက ၁၅၀၀ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေး ကားမှတ်တိုင်တွင်ရပ်နေသော အသက်(၄၅)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ဘီအမ်ကားမှတ်တိုင်အနီး အအေးဆိုင်သို့ခေါ်ဆောင်ကာ အအေးဗူးအတွင်း အိပ်ဆေးမှုန့်ထည့်၍ တိုက်ကျွေး ခဲ့ရာ အိပ်ပျော်သွားစဉ် ၎င်းအမျိုးသမီးထံမှ MC ရွှေဆွဲကြိုး(၁)ကုံးနှင့် ရွှေလက်ကောက်(၂)ကွင်းကိုလည်းကောင်း ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
ယင်းသို့ ပေါ်ပေါက်ချက်များအရ သက်သေခံရွှေထည်ပစ္စည်းများသိမ်းဆည်းကာ သက်ဆိုင်ရာ ရဲစခန်း များတွင် အမှုများ အသီးသီးရေးဖွင့်ပြီး သန်းအောင်အား ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
ယင်းသို့သော အကြံအစည်ရှိသူများမှ ခင်မင်ရင်းနှီးအောင် မိတ်ဆွေဖွဲ့၍ ခေါ်ဆောင်ပြီး အိပ်ဆေးများခတ်ကာ ပစ္စည်းများခိုးယူခံရမှုများနှင့် အခြား မလိုလား အပ်သောကိစ္စရပ်များ မဖြစ်ပွားစေရေးအတွက် မိဘပြည်သူများ အနေဖြင့် သွားလာနေထိုင်ရာတွင် ယခုကဲ့သို့ မှုခင်းဖြစ်စဉ်များအားသာဓက ထားကာ သတိပြုဆင်ခြင်နိုင်ကြစေရန် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ အသိပညာပေး ဖော်ပြအပ်ပါသည်။
Credit >>> Yangon Police
0 comments:
Post a Comment