အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား တိုက်ပွဲဖြစ်ပွားမှု မြင့်တက် လာချိန်တွင် ၅ နှစ်ခန့်ကွယ်လျှိုးနေသော ကိုးကန့်အထူး ဒေသခေါင်းဆောင် ဖုန်ကြားရှင်က လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲရန် တကျော့ပြန်ထွက် ပေါ်လာသည်။
အသက် ၈၄ နှစ်ရှိပြီဖြစ်သော ဖုန်ကြားရှင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ၀ါဒဖြန့်ချိရေး သတင်းစာ People’s Daily က ကျောထောက်နောက်ခံပေးထားသည့် Global Times သတင်းစာ နှင့် ၅ နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ နိုဝင်ဘာ ၂၃ ရက်နေ့က ကချင်ပြည်နယ်အတွင်းရှိ စစ်စခန်းတခုကို အစိုးရတပ်များက အမြောက်ဖြင့်ပစ်ခတ်၍ သင်တန်းသား ၂၃ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်ရပ်နောက်ပိုင်း သီတင်းပတ်များအတွင်း ၎င်းနှင့်၎င်း၏သားတို့သည် ကိုးကန့်အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA)ကိုဦးဆောင်၍ စစ်တပ်နှင့်တိုက်ပွဲများဆင်နွှဲနေကြောင်း ဖုန်ကြားရှင်က ပြောသည်။ ဒီဇင်ဘာ ၂၁ မှ ၂၃ ရက်အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန် အစီအစဉ်ရှိခဲ့သော်ငြား မြန်မာစစ်တပ်က အဆိုပါပစ်ခတ်မှုအပြင် အခင်းဖြစ်ပွားရာ အနီးဝန်းကျင်နေရာများအတွင်း တပ်ဖြန့်ချခြင်းများပြုလုပ်ခဲ့သဖြင့် ၎င်းတို့အနေနှင့်တိုက်ရန်မှလွဲ၍ အခြားရွေးစရာလမ်းမရှိတော့ဟု ဖုန်ကြားရှင်က ပြောသည်။ ၎င်း၏မဟာမိတ်တပ်တွင် တပ်သားသစ်တထောင်ကျော်ရှိပြီး ဒီဇင်ဘာ ၉ ရက်နှင့် ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ သော တိုက်ပွဲများတွင် အစိုးရစစ်သား ၁၀၀ နီးပါးကျဆုံးခဲ့သည်ဟု ဆိုသည်။
ယခင်သီတင်းပတ်ကပြုလုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲသို့ ထိပ် သီးတိုင်းရင်းသားခေါင်းဆောင်များနှင့် တပ်မတော်ကိုယ်စားလှယ်များတက်ရောက်ခြင်းမရှိခဲ့ချေ။ ဒီဇင်ဘာ ၂၈ နေ့လယ်ပိုင်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
“ကျွန်တော်တို့က ကိုးကန့်ကို ပြန်မရမချင်း မြန်မာအစိုးရနဲ့ တိုက်နေဦးမှာ ပဲ”ဟု တရုတ်နွယ်ဖွား ဖုန်ကြားရှင်က ယူနန်လေသံဖြင့် ပြောသည်။ ကိုးကန့်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့်ထိစပ် လျက်ရှိပြီး သမိုင်းကြောင်းအရ ပဒေသရာဇ်ခေတ်က မြန်မာနိုင်ငံတွင်းရှိ တရုတ်မျိုးနွယ်စုတို့၏ ဒေသဖြစ်သည်။ ယင်း ဒေသအား ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)က ၁၉၈၉ ခုနှစ် ပါတီပြိုကွဲချိန်အထိ အုပ်စိုးခဲ့ပြီး နောက်ပိုင်းတွင် အထူး ဒေသဖြစ်လာခဲ့သည်။
အစိုးရတပ်များနှင့် လူအင်အား၊ လက်နက်အင်အားချင်းကွာခြားသဖြင့် ထိပ်တိုက်ရင်ဆိုင်မှုမပြုနိုင်သောကြောင့် ပြောက်ကျားစနစ်ကို အများဆုံးအသုံးပြုရကြောင်း၊ ၎င်းတို့၏ နယ်နမိတ်များအတွင်း အစိုးရတပ်များဝင်ရောက်လာစေပြီးမှ နယ်မြေကျွမ်းကျင်မှုအားသာချက်ကိုအသုံးချ၍ တိုက်ခိုက်မှုပြုကြောင်း၊ တပ်ဖွဲ့ဝင်များ၏ ပျမ်းမျှအသက် ၂၀ ကျော်ဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံမရှိသဖြင့် အဆိုပါ နည်းဗျူဟာသည် ၎င်းင်းတို့အတွက် အရေးကြီးကြောင်း ဖုန်ကြားရှင်က ပြောသည်။
ဖုန်ကြားရှင်သေဆုံးပြီ၊ ထိုင်းနိုင်ငံသို့ နယ်နှင်ဒဏ်ပေးခံခဲ့ရသည်၊ မြန်မာအစိုးရက ခိုလှုံခွင့်ပေးပြီး ထောက်ပံကြေးဖြင့် နေထိုင်နေသည် အစရှိသဖြင့် လွန်ခဲ့သော ၅ နှစ်ကာလအတွင်းက ကောလာဟလများ ဖြစ်ပေါ်ခဲ့သည်။
ဖြစ်ရပ်မှန်မှာ ၂၀၀၉ သြဂုတ်လက အစိုးရဘက်ယိမ်းသော ပြိုင်ဘက်များနှင့် ဖြစ်ပွားခဲ့သော ပြင်းထန်သည့်တပ်တွင်းပဋိပက္ခများကြောင့် ထိုင်းနိုင်ငံသို့ထွက်ပြေး တိမ်းရှောင်ခဲ့ခြင်းသာဖြစ်သည်ဟု ၎င်းက ပြောသည်။ ထို့နောက် တနှစ်ခန့် အပြင်းဖျားပြီး လမ်းမလျောက်နိုင် ဖြစ်ခဲ့သည်။ သည်းခြေကျောက်တည်ရောဂါ အဆိုးရွားဆုံး ခံစားခဲ့ရသော်လည်း သေကံမရောက် အသက်မပျောက်ခဲ့ဟု ၎င်းကပြောသည်။
“ဘုရားသခင်က ကျွန်တော် အတွက် အစီအစဉ်တွေရှိသေးတယ်”ဟု ဖုန်ကြားရှင် က ပြောသည်။
၂၀၁၂ ခုနှစ်က ကချင်စစ်ဌာနချုပ်သို့ သွားရောက်ခဲ့စဉ်က ဒေသတွင်းမှ ခေါင်းဆောင်များကို အံ့အားသင့်စေခဲ့ သည်။ ယင်းသည် တကျော့ပြန်လက်နက်ကိုင် သူပုန်ထမှု၏အစဖြစ်ပြီး မဟာမိတ်တပ်ကို ပြန်လည်စုစည်းခဲ့ရာ ယခုအခါ တပ်စခန်း ၁၄ ခုထိရှိနေပြီး အခြားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း ကောင်းမွန်သောဆက်ဆံရေး ထူထောင်ထားနိုင်သည်ဟု ဖုန်ကြားရှင်က ပြောသည်။ လက်နက် အင်အားမတောင့်တင်းဟုဆိုသော်လည်း ၎င်းတို့ထံတွင် ဒုံးလက်နက်များရှိသည်ဟု ဆိုသည်။
၂၀၁၅ တွင် အစိုးရသည် အင်အားတောင့်တင်းမှုကိုပြသလိမ့်မည်ဟု နိုင်ငံရေးလေ့လာဆန်းစစ်သူများက ထင်ကြေးပေးနေစဉ်အတွင်း အချို့သောအင်တာနက်အသုံးပြုသူများက မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များအနေနှင့် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် ဒေသထူထောင်ရေးအတွက် ရုရှား၊ ခရိုင်းမီးယားဒေသကဲ့သို့ ဆန္ဒခံယူပွဲပြုလုပ်ရန် အဆိုပြုကြပြီး အချို့ကမူ တရုတ်ပြည်နှင့် ပေါင်းစည်းရေးကိုပင် အဆိုပြုနေကြသည်။
ဖုန်ကြားရှင်အတွက် လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းကို ဖြေရှင်းရန် တခုတည်းသောလမ်းမှာ ဆွေးနွေးညှိနှိုင်းရေးသာဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော တရုတ်နိုင်ငံအစိုးရက အငြင်းပွားမှုတွင် သြဇာပိုမိုသက်ရောက်သည်ဟု ပြောသည်။
“အပြန်အလှန် ယုံကြည်မှုမရှိရင် ငြိမ်းချမ်ရေးဆွေးနွေးပွဲ မဖြစ်နိုင်ဘူး”ဟု ဖုန်ကြားရှင် က ပြောသည်။
အစိုးရထံတွင် ငြိမ်းချမ်းရေးအတွက် စစ်မှန်သည့်လှိုက်လှဲမှုမျိုး မမြင်တွေ့ရသေးကြောင်း၊ အပြောတမျိုး အလုပ်တမျိုး လုပ်နေသေးကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှတို့ထံမှလွတ်လပ်ရေးခဲ့သည့် အချိန်မှစ၍ ဖယ်ဒရယ်စနစ်ကိုရှာဖွေရင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ယခင် မြန်မာစစ်အစိုးရသည် တိုင်းရင်းသားဒေသများကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးကို ခွဲထွက်ရေးဝါဒအဖြစ်ရှုမြင်သဖြင့် အစဉ်တစိုက် ငြင်းဆန်ခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့်အစိုးရတပ်ဖွဲ့များအကြား နိုင်ငံအနှံ့ တိုက်ပွဲများ ကွက်ကြားဖြစ်ပွားနေရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဟန့်အတား ဖြစ်နေသည်။ ပြီးခဲ့သည့် စက်တင်ဘာလက တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးနိုင်ရေးအတွက် ၅ ရက်ကြာ ဆွေးနွေးခဲ့သည်မှာ နောက်ဆုံးဖြစ်ပြီး အောင်မြင်မှု မရရှိခဲ့ချေ။
Credit >>> News Watch(စောင့်ကြည့်သတင်းဂျာနယ်)
0 comments:
Post a Comment