အခမဲ့ပညာရေး အတွက် မြန်မာကျပ်ငွေ ၂၉ ဘီလီယံကျော်ကို သုံးစွဲရန်လျာထား


၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် အခမဲ့ပညာရေးကဏ္ဍအတွက် မြန်မာကျပ်ငွေ ၂၉ ဘီလီယံကျော်ကို သုံးစွဲရန် လျာထားကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့်သိရသည်။
အဆိုပါ ဘဏ္ဍာရေးနှစ်တွင် မူလတန်းအဆင့် ကျောင်းသား ငါးသန်းကျော်အတွက် တစ်ဦးလျှင် ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းဝတ်စုံ တစ်စုံစီ၊ အလယ်တန်း အဆင့် ကျောင်းသား ၂.၈ သန်းကျော်နှင့် အထက်တန်း ကျောင်းသား ရှစ်သိန်းကျော်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များအား အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်သည်။ အခြေခံပညာကဏ္ဍတွင် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှ စတင်ကာ အခမဲ့ မူလတန်းပညာရေးနှင့် အလယ်တန်းပညာရေးတို့ကို ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ တွင် အခမဲ့ ပညာရေးစနစ်ကို အထက်တန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပညာသင်ဆုများအနေဖြင့်လည်း မြို့နယ်တစ်ခုလျှင် သုံးဦးစီနှင့် မြို့နယ်ခွဲတစ်ခုလျှင် နှစ်ဦးစီဖြင့် အလယ်တန်း ကျောင်းသား ၁,၁၅၈ ဦးအတွက် တစ်ဦးလျှင် တစ်နှစ် ကျပ်နှစ်သိန်းစီ အား လည်းကောင်း ၊ အထက်တန်းကျောင်းသား ၁,၁၅၈ ဦး အတွက် တစ်ဦးလျှင် တစ်နှစ် ကျပ်သုံးသိန်းစီ အားလည်းကောင်း ပေးအပ်သွားမည်ဖြစ်သည်။ အခြေခံပညာ ကျောင်းထောက်ပံ့ကြေးများ အဖြစ် မူလတန်း ကျောင်းသား အရေအတွက် အနည်းအများအပေါ် မူတည်၍ တစ်ကျောင်းလျှင် တစ်နှစ် ကျပ်ရှစ်သိန်းမှ ၁၆ သိန်းအထိ ပံ့ပိုးပေးမည်ဖြစ်ပြီး ထောက်ပံ့ငွေ စုစုပေါင်းကျပ် ၄၆ ဘီလီယံကျော် သုံးစွဲမည်ဖြစ်ကြောင်းသိရသည်။
တက္ကသိုလ်ပညာသင်ဆုရရှိသော ထူးချွန် ကျောင်းသားများအား တစ်ဦးလျှင် တစ်နှစ် ကျပ် ၁ဝ သိန်း နှုန်းနှင့် ဆင်းရဲနွမ်းပါးသည့် ကျောင်းသား ၂၆၄၄ဝ ကို မြို့နယ်အလိုက် ရွေးချယ်ပေးအပ် မည်ဖြစ်ပြီး ပညာသင် ထောက်ပံ့ကြေး တစ်ဦးလျှင် တစ်နှစ် ကျပ်ပ်သုံးသိန်းနှုန်းဖြင့် စုစုပေါင်းကျပ် ၇ ဒသမ ၆ ဘီလီယံ သုံးစွဲရန် လျာထားသည်။
ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်ထက် ပညာရေးအသုံးစရိတ်၏ ငါးဆနီးပါးအထိ သုံးစွဲသွားရန် လျာထားကြောင်း သိရသည်။
Credit >>> Internetjournal
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment