သဘောတူညီမှုအတိုင်း လုပ်ဆောင်ခဲ့တာလို့ ဝမ်ပေါင်ကုမ္ပဏီပြော


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကျေးရွာတွေမှာ ဒီနေ့အထိ ခြံစည်းရိုးခတ်တာဟာ လွန်ခဲ့တဲ့တစ်နှစ်နီးပါးလောက်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ဒေသခံကျေးရွာသားတွေနဲ့ ၀မ်ပေါင်ကုမ္ပဏီတို့ သဘောတူညီမှုရခဲ့တဲ့အတိုင်း လုပ်ဆောင်တာဖြစ်တယ်လို့ ၀မ်ပေါင်ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ Mr. Dong Yunfei က RFA ကို ပြောပါတယ်။

စီမံကိန်းဧရိယာထဲက လယ်မြေဧက ခြောက်ထောင်ကျော် ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးယူပေးထားပြီး ကုမ္ပဏီဝန်ထမ်းတွေက ခြံစည်းရိုးလိုက်ခတ်တာလို့လည်း ပြောပါတယ်။

မနေ့က မိုးကြိုးပြင်ရွာနားမှာ ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်စဉ် ဒေသခံကျေးရွာသားတွေက တားဆီးရာမှာ တင်းမာမှုဖြစ်ပြီး ပစ်ခတ်မှုအထိ ဖြစ်ခဲ့တာကြောင့် မိုးကြိုးပြင်ကျေးရွာ က ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ၁၃ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီဒဏ်ရာရသူတွေဟာ မုံရွာမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေပါတယ်။

အခုလို ပြဿနာတွေ ဖြေရှင်းနိုင်ဖို့အတွက် ကုမ္ပဏီနဲ့ ဒေသခံတွေ နှစ်ဖက်ပြေလည်ဖို့ တွေ့ဆုံညှိနှိုင်းချင်တယ်လို့ ပြောပါတယ်။ အကြမ်းဖက်မှုဖြစ်တာကို ၀မ်ပေါင်ကုမ္ပဏီအနေနဲ့ မလိုလားကြောင်း နဲ့ သေဆုံးမှုရှိတာကို ကုမ္ပဏီဖက်က ကူညီချင်ကြောင်း ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း ဆည်တည်းရွာမှာ ခြံစည်းရိုးခတ်စဉ် ပဋိပက္ခဖြစ်ပြီး ပစ်ခတ်မှုရှိတာကြောင့် ဒေသခံကျေးရွာသား ၂ ယောက်ဒဏ်ရာရခဲ့ပါတယ်။ ညနေပိုင်းမှာ တုံရွာဖက်မှာလည်း အလားတူကုမ္ပဏီက ခြံစည်းရိုးခတ်ခဲ့ပါတယ်။

ဒေသခံကျေးရွာသားတွေကို ဆေးဝါးကုသမှုပေးနိုင်ဖို့အတွက် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တချို့နဲ့ ဆရာဝန်တွေ မန္တလေးမြို့က သံဃာတော်တွေဟာ တုံရွာကိုရောက်ရှိပြီး ပဋိပက္ခမဖြစ်အောင် ၀ိုင်းဝန်းကူညီပေးနေတယ်လို့ သိရပါတယ်။

Credit >>> RFA Burmese
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment