နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံ အကြို ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များ အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ယနေ့နံနက်ပိုင်း၌ နိုင်ငံတော်သမ္မတအိမ်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သော အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ဖွဲ့စည်းရေးနှင့် နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံ အကြို ပြင်ဆင်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC)အား အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းရာတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနအောက်တွင် အစိုးရ အဖွဲ့အစည်းတစ်ရပ် အနေဖြင့် ထားရှိသွားမည် ဖြစ်ကြောင်း၊ အစိုးရဌာနအဖွဲ့ အစည်းတစ်ရပ် ဖြစ်လာမည် ဖြစ်၍ ဘတ်ဂျက်သုံးစွဲမှု စည်းမျဉ်းစည်းကမ်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း။
အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ရုံးချုပ်ကို နေပြည်တော်တွင် တည်ထောင် ဖွဲ့စည်းမည် ဖြစ်ပြီး လက်ရှိ ရန်ကုန် MPC ရုံးကို NRPC ၏ ရန်ကုန်ရုံးခွဲအဖြစ် ပြောင်းလဲ ဖွဲ့စည်းမည် ဖြစ်ကြောင်း၊ နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံကျင်းပရန် အတွက် သင့်လျော်သည့် ညီလာခံခန်းမနေရာ ရွေးချယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ NRPC ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုလုပ်ငန်းစဉ်များကို ဦးကျော်တင့်ဆွေက ဦးဆောင် ဆောာင်ရွက်သွားမည် ဖြစ်ကြောင်း။
နှစ်ဆယ့်တစ်ရာစုပင်လုံ ညီလာခံကျင်းပနိုင်ရေး အကြိုပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေး ညှိနှိုင်းရေးလုပ်ငန်းတာဝန်များကို ဆပ်ကော်မတီတစ်ရပ်ဖြင့် ဆောင်ရွက်ရန်၊ လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းများကို နောက်ထပ် ဆပ်ကော်မတီတစ်ရပ် ဖွဲ့စည်း၍ တာဝန်ယူဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ အချိန်ကန့်သတ်ချက် ရှိ၍ ယင်းဆပ်ကော်မတီနှစ်ရပ်အနေဖြင့် တစ်ချိန်တည်းတစ်ပြိုင်တည်း သီးခြားစီ ညှိနှိုင်း ဆွေးနွေးဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ကော်မတီနှင့် ဆပ်ကော်မတီများကို ယခုသီတင်းပတ်အတွင်း ဖွဲ့စည်းပြီး မိမိတို့၏လုပ်ငန်းတာဝန်များကို အရှိန်မြှင့်တင် လုပ်ကိုင်ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊
အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိကအချက်မှာ ပါဝင်သူအားလုံးအနေဖြင့် မိမိတို့ မည်သည်ကို လိုချင်သည် ဟူသော တောင်းဆိုမှုထက် မိမိတို့ဘက်က မည်သည်ကို ပေးနိုင်သည် ဟူသော ကမ်းလှမ်းချက် ကို အခြေခံ၍ ဆွေးနွေးကြရန် ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA ကို အခြေခံ၍ ပြောင်းလွယ်ပြင်လွယ် ဆွေးနွေးကြရန် ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များကို ပြန်လည်သုံးသပ်၍ ပြင်ဆင်သင့်သည်များ ပြင်ဆင်ကာ ဆွေးနွေးပွဲအာဂျင်ဒါများ ပြန်လည်သတ်မှတ်ပေးရန် အရေးကြီးကြောင်း။
အရပ်ဘက်လူမှုအဖွဲ့အစည်း Civil Society Organization များ ခိုင်ခိုင်မာမာ ပါဝင်နိုင်ရေးအတွက် CSO Forum တစ်ခု ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကို နိုင်ငံရေးဆွေးနွေးပွဲများနှင့်အပြိုင် သီးခြား ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ CSO Forum ကို ၄င်းတို့ CSO များကိုယ်တိုင် ရွေးချယ် ဆောင်ရွက်စေမည် ဖြစ်ပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများကို NRPC မှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ CSO Forum မှ ထွက်ပေါ်လာသော အကြံပြုတင်ပြချက်များကို ထည့်သွင်း စဉ်းစားဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ လူအများကြီး မဖောင်းပွစေဘဲ သိပ်သည်း ကျစ်လစ်သော ဆွေးနွေးပွဲသဘောကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
NRPC ဖွဲ့စည်းမှု၊ နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံကျင်းပနိုင်ရေး အကြိုပြင်ဆင်မှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC နှင့် တွေ့ဆုံ ရှင်းလင်းပြီး UPDJC ပြင်ဆင်ဖွဲ့စည်းမှုများကို အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တစ်ဦးချင်း ဆွေးနွေး တင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဆွေးနွေး အဆုံးအဖြတ်ပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်း၊ အစိုးရကိုယ်စားလှယ်များ ဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခြင်းခံရသူ ဦးကျော်တင့်ဆွေ၊ တပ်မတော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာနမှ ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေနှင့် ဒေါက်တာမင်းဇော်ဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဦးမိုးဇော်ဦး တို့ တက်ရောက်ကြသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးတစ်ရပ်ကို လာမည့်သီတင်းပတ်အတွင်း နေပြည်တော်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။
(Source – Myanmar State Counsellor Office)
0 comments:
Post a Comment