ဆရာမနှစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရမှု သမာသမတ်ကျစွာ စုံစမ်းဖော်ထုတ်ရန် ကုလတောင်းဆို


အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရသည့် လုပ်အားပေး ကချင်ဆရာမလေးနှစ်ဦးအမှုကို သမာသမတ်ကျကျ ထိထိရောက်ရောက် စုံစမ်းစစ်ဆေးရန် မြန်မာအစိုးရထံ ကုလသမဂ္ဂက တောင်းဆိုလိုက်သည်။
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ Zainab Hawa Bangura က ဇန်န၀ါရီ ၂၇ ရက်ဖြင့် ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ဇန်န၀ါရီ ၂၀ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာတစ်ရွာတွင် ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဆရာမလေးနှစ်ဦး အဓမ္မပြု ကျင့်ခံရပြီး အသတ်ခံရခြင်းနှင့် ပတ်သက်၍ အလွန်အမင်းစိုးရိမ်မကင်း ဖြစ်ရသည်ဟု ဖော်ပြထားသည်။ တရားမျှတမှု၊ မိသားစုများအတွက် နစ်နာကြေးများနှင့် အပြစ်ကျူးလွန်သူများအတွက် တာဝန်ခံမှုများ ဆောင်ရွက်ရန်အလို့ငှာ ဤအမှုအတွက် သမာသမတ်ကျပြီး ထိရောက်သည့် စုံစမ်းစစ်ဆေးခြင်းကို သေချာ ဆောင်ရွက်ရန် မြန်မာအစိုးရထံ ၎င်းက တောင်းဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်  ရန်ဟီးလီ၏ တရားဝင်မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဘုန်းကြီးတစ်ပါး ထုတ်ခဲ့သော လတ်တလော ကြေညာချက်ကြောင့်လည်း စိုးရိမ်ပူပန်မိကြောင်း Zainab က ဆိုသည်။
၎င်း၏စိုးရိမ်မှုအကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် တိုင်ပင်မျှဝေဖြစ်ပြီး လူ့ဂုဏ်သိက္ခာအပေါ် လေးစားမှု မြှင့်တင်ရေးတွင်လည်းကောင်း၊ ပဋိပက္ခ ဒဏ်ခံဒုက္ခသည်များနှင့် ပဋိပက္ခမှ လွတ်မြောက်ရှင်သန်လာသူများကို ထောက်ပံ့ရာတွင်လည်းကောင်း၊ သဘာဝ အလျောက် မဟာမိတ်ဖြစ်သင့်သူ ဘာသာရေး ခေါင်းဆောင်တစ်ဦး က (၎င်းတို့၏ စိုးမိုးခြယ်လှယ်သြဇာလွှမ်းမိုးမှု မည်သို့ပင်ဖြစ်စေ) အကြမ်းဖက်မှုနှင့် အမုန်းတရားပွားများအောင် လှုံ့ဆော်သည့်ဟန်တစ်ခု အသုံးပြုခဲ့ပုံမှာ လက်သင့်မခံနိုင်စရာဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဖော်ပြလာသည်။
ယင်းကဲ့သို့ အနေအထားများနှင့် သတင်းစကားများကို ရှုတ်ချပြစ်တင်ရန် ဘာသာရေး လွတ်လပ်ခွင့်နှင့် ခွဲခြားနှိမ့်ချဆက်ဆံမှုမရှိသည့် ရည်မွန်လေးစားဖွယ်ကောင်းသော လူမှုအသိုင်းအ၀ိုင်းတစ်ခု တည်ထောင်ရေးအတွက် စုပေါင်းအားထုတ်ကြရန် မြန်မာအစိုးရနှင့် ဘာသာရေး နိုင်ငံရေးခေါင်းဆောင်များကို ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က တောင်းဆိုသည်။ ထို့အပြင် တိုင်းရင်းသားမျိုးနွယ်များအပေါ် အကြောင်းရင်းခံ ဆက်နွှယ်နေသည့် အဓမ္မပြုကျင့်မှုများအကြောင်း စွပ်စွဲတိုင်ကြားချက်များကို ကုလသမဂ္ဂအနေဖြင့် ဆက်လက်လက်ခံရရှိနေသည်ဟု ဆိုသည်။
ထို့ကြောင့် တိုင်းရင်းသား လူနည်းစု ဒေသများကို အထူးသဖြင့် ပစ်မှတ်ထားနေသည့် ပဋိပက္ခဆက်နွှယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများ အပြစ်ပေးမခံရဘဲ ပြစ်ဒဏ်မှ လွတ်ငြိမ်းနေမှုကို ဇာတ်သိမ်းပစ်ရန် မြန်မာအစိုးရအား တိုက်တွန်းကြောင်း Zainab Hawa Bangura က ပြောသည်။
အဓမ္မပြုကျင့်ခံရပြီး အသတ်ခံခဲ့ရသည့် ကချင်ဆရာမလေးနှစ်ဦး အမှုနှင့် ပတ်သက်၍ အမေရိကန်အစိုးရကလည်း အမှုကျူးလွန်သူ တရားခံများ ဖော်ထုတ်အရေးယူရန်နှင့် တရားဥပဒေနှင့်အညီ ဖြေရှင်းပေးရန် မြန်မာအစိုးရအာဏာပိုင်များအား ဇန်န၀ါရီ  ၂၂ ရက်က တိုက်တွန်းခဲ့သည်။
 
Credit >>> 7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment