လားရှိုးမြို့တွင် တရားမ၀င်နေထိုင်သည့် တရုတ်နိုင်ငံသားတစ်ဦးထံမှ ပစ္စတိုနှစ်လက်နှင့်အတူ ဖောက်ခွဲရေးသုံး ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၁ဝ)၊ အိမ်အမှတ် (၁၁) တွင် မတ် ၁၇ ရက် ညနေ ၄ နာရီက ၎င်းအိမ်တွင် အိမ်ငှားနေထိုင်သူ တရုတ်နိုင်ငံသားတစ်ဦးထံမှ ပစ္စတိုနှစ်လက်နှင့်အတူ အခြားဖောက်ခွဲရေးသုံး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။ လက်နက်များနှင့်အတူ ဖမ်းဆီးရမိသူမှာ အားထောင်(ခ) ဆောင်တာအို အသက် (၂၉)နှစ်ဖြစ်ပြီး ၎င်း၏ဖခင်မှာ တရုတ်နိုင်ငံ ကွမ်ကျိုးတွင် နေထိုင်ပြီး မိခင်မှာ တန့်ယန်းမြို့တွင်နေထိုင်ကြောင်း ပဏာမမေးမြန်းချက်များအရ သိရကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ၎င်းသည် တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ ဂွမ်စီးပြည်နယ်တွင် မွေးဖွားသူဖြစ်ပြီး ၎င်း၏ ဗီဇာသက်တမ်းမှာလည်း ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာ ၂၆ ရက်တွင် ကုန်ဆုံးနေပြီဖြစ်ကြောင်း သိရသည်။ ၎င်းတရုတ်နိုင်ငံသားထံမှ ၉ မမ ပစ္စတို နှစ်လက်၊ ကျည်ဆန်အတောင့် ၅ဝ၊ မြန်မာကျပ်ငွေ ၁၅ သိန်း၊ ဒစ်တိုနေတာ ၉၉ ချောင်း၊ ယမ်းကြိုးအခွေကြီး နှစ်ခွေ၊ အခွေသေးတစ်ခွေ၊ စစ်ယူနီဖောင်း ခြောက်စုံ၊ စစ်ဦးထုပ် သုံးလုံး၊ စစ်ရေဘူးသုံးလုံးနှင့် ကျောက်စိမ်းအကြမ်းထည်များ လတ်တလော သိမ်းဆည်းရမိထားကြောင်း သတင်းရရှိသည်။ “လောက်ကိုင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဆက်စပ်ပြီး နားလည်ရမယ်။ ဒီလိုလက်နက်တွေနဲ့ ဒီမြို့ထဲမှာ ဘယ်လောက်ထိ စိမ့်ဝင်နေမှန်းမသိဘူး။ ကျွန်တော်တို့က ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ လုံခြုံရေးစနစ်ကို တည်ဆောက်ချင်တယ်။ သတင်းကြောင့် ဒီကိစ္စကို ဖော်ထုတ်လို့ရတာပါ။ ပြည်သူတွေပါမှ လုံခြုံရေးစနစ်က အောင်မြင်မှာပါ” ဟု ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက မိမိတို့မြို့၊ မိမိတို့နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူလူထုအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပါဝင်ကြရန် ပြောကြားသည်။ “ကျွန်တော်တို့အိမ်က ရပ်ကွက်ထဲက အိမ်တွေကို ရေလှူတာပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေလိုတဲ့အိမ်တွေအတွက် အိမ်မှာလိုသလောက် ရေယူလို့ရအောင် ရေပိုက်သွယ်ပြီး ရေလှူတာပါ။ မနေ့ကတော့ အခုတရုတ်နိုင်ငံသားနေတဲ့အိမ်က ရေမပေးလို့ ဆိုပြီး သေနတ်မောင်းတင်ပြီး ခြိမ်းခြောက်တာပေါ့။ ဒါနဲ့ နယ်မြေမှူးဆီကို အကြောင်းကြားပြီး သက်ဆိုင်ရာကို အကြောင်းကြားရတာပေါ့” ဟု တရုတ်နိုင်ငံသား အိမ်ငှားနေထိုင်သည့် မျက်နှာချင်းဆိုင်အိမ်ရှိ ဦးမောင်ထွေး၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဖောက်ခွဲရေးသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားအား လားရှိုးမြို့ မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးအရေးယူထားကြောင်း သတင်းရရှိသည်။
Credit >>> Eleven
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment