ကမ္ဘာပေါ်တွင် လက်နက်တင်ပို့ရောင်းချမှု တတိယ အများဆုံး နိုင်ငံအဖြစ် တရုတ်ရပ်တည်


တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လက်နက် တင်ပို့ရောင်းချမှု တတိယ အမြင့်ဆုံး နိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဂျာမနီနှင့် ပြင်သစ်တို့ကဲ့သို့ လက်နက် ထုတ်လုပ်မှု ထိပ်တန်းအနေအထားရှိ စက်မှုနိုင်ငံကြီးများကို ကျော်ဖြတ်ပြီး တရုတ်က တတိယ နေရာထိ ရောက်လာခြင်းဟု ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမြို့တွင် အခြေစိုက်သည့် သုတေသန အဖွဲ့တစ်ခုက ကြေညာခဲ့သည်။ လက်ရှိ အနေအထားအရ ကမ္ဘာတလွှား လက်နက်တင်ပို့ရောင်းချမှု ဈေးကွက်တွင် တရုတ်ထက် အသာစီး ရပ်တည်နိုင်သည်မှာ အမေရိကန်နှင့် ရုရှားတို့သာ ရှိတော့သည်။

စတော့ခ်ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန ဌာန (SIPRI)၏ အဆိုအရ (၂၀၁၀)မှ (၂၀၁၄)ခုနှစ် အတောအတွင်း ကမ္ဘာပေါ်တွင် လက်နက်တင်ပို့ ရောင်းချမှု ပမာဏ (၁၆)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း သိရသည်။ ကမ္ဘာ့ လက်နက်တင်ပို့မှု ဈေးကွက်တွင် အမေရိကန်က (၃၁)ရာခိုင်နှုန်း ခြေကုပ်ယူကာ ဦးဆောင်နေပြီး ရုရှားက (၂၇)ရာခိုင်နှုန်းဖြင့် ဒုတိယ လိုက်နေသည်။ (၅)ရာခိုင်နှုန်းဝန်းကျင် ဝေစုရထားသည့် ဂျာမနီနှင့် ပြင်သစ်တို့ အထက်တွင်မူ တရုတ်က ရာခိုင်နှုန်း အနည်းငယ် အသာစီး ရထားကြောင်း SIPRI၏ စစ်တမ်းတွင် ဖော်ပြထားသည်။
တရုတ်၏ စစ်လက်နက်များ အဓိက ဝယ်ယူသည်မှာ အာရှသုံးနိုင်ငံမှဖြစ်ပြီး ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ ဖြစ်ကြသည်။ ပါကစ္စတန် တစ်နိုင်ငံတည်းက တရုတ်၏ စစ်လက်နက် တင်ပို့ရောင်းချမှု အားလုံး၏ (၄၁)ရာခိုင်နှုန်းကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ (၂၀၁၀)မှ (၂၀၁၄)ခုနှစ်ကြား ကာလတွင် တရုတ်သည် အာဖရိက (၁၈)နိုင်ငံသို့ လက်နက်များ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်းလည်း သိရသည်။
ရုရှားနိုင်ငံ၏ အဓိက လက်နက်ဖောက်သည် ဝယ်လက်မှာ အိန္ဒိယဖြစ်ပြီး တင်ပို့ရောင်းချသမျှ၏ (၇၀)ရာခိုင်နှုန်းကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အမေရိကန်မှာမူ ဖောက်သည်နိုင်ငံ အများအပြား ရှိနေပြီး တောင်ကိုရီးယားကမူ ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့သည်။
တရုတ်သည် တစ်နိုင်ငံတည်း အတိုင်းအတာအရ လွန်ခဲ့သည့် (၅)နှစ်နှင့် ယှဉ်လျှင် (၂၀၁၄)ခုနှစ်၌ လက်နက်တင်ပို့ ရောင်းချမှု (၁၄၃) ရာခိုင်နှုန်းထိ မြင့်တက်ခဲ့သည်။ ရုရှားနှင့် ယူကရိန်း နိုင်ငံတို့သည်လည်း လက်နက် တင်ပို့မှုဆိုင်ရာ ညွှန်ကိန်းများ မြင့်တက်ခဲ့သော်လည်း ဂျာမနီနှင့် ပြင်သစ်တို့မှာမူ ကျဆင်းမှုများနှင့် ကြုံခဲ့ရသည်။
လက်နက်ဝယ်ယူမှု အမြင့်ဆုံး နိုင်ငံများ စာရင်းတွင် အိန္ဒိယက တစ်ကမ္ဘာလုံး ဈေးကွက်၏ (၁၅)ရာခိုင်နှုန်းကို ရယူကာ ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပြီး ၎င်း၏နောက်တွင် ဆော်ဒီအာရေဗျနှင့် တရုတ်တို့က အစဉ်လိုက် ရှိနေသည်။ အဆိုပါ နှစ်နိုင်ငံ၏ လက်နက် ဝယ်ယူတင်သွင်းမှုသည် ကမ္ဘာ့ဈေးကွက်၏ (၅)ရာခိုင်နှုန်း ဝန်းကျင်စီ ရှိနေကြသည်။ (၅)နှစ်အတွင်း အာဖရိက နိုင်ငံအားလုံး၏ လက်နက်ဝယ်ယူမှုသည် ကမ္ဘာ့ဈေးကွက်၏ (၄၅)ရာခိုင်နှုန်းထိ ကြီးမားခဲ့ကြောင်းလည်း SIPRI၏ စစ်တမ်းတွင် ဖော်ပြထားသည်။
Credit >>> 7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment