အမေရိကန် တစ်နိုင်ငံလုံးတွင် လိင်တူလက်ထပ်ခွင့် ဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းကို အိမ်ဖြူတော်ကြိုဆို


တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိင်တူလက်ထပ်ခွင့် ဥပဒေကို အမေရိကန် တရားရုံးချုပ်က အတည်ပြုခဲ့သည့်နောက် သမ္မတ ရုံးစိုက်ရာ အိမ်ဖြူတော်တွင် ယင်းဥပဒေ အောင်ပွဲခံမှုကို ကြိုဆိုကြောင်း ပြသခဲ့သည်။

လိင်တူအခွင့်အရေး လှုပ်ရှားသူများ၏ အထိမ်းအမှတ် အလံဖြစ်သည့် သက်တံရောင်ခြယ် မီးရောင်များကို အိမ်ဖြူတော်တွင် ဇွန်လ ၂၆ ရက် ညပိုင်းက ထွန်းညှိထားသလို အိမ်ဖြူတော်၏ တရားဝင် Twitter စာမျက်နှာ Profile Pictureကိုလည်း သက်တံရောင်ခြယ် ပုံရိပ်အဖြစ် ပြောင်းလဲ အသုံးပြုထားခဲ့သည်။

အမေရိကန်ရှိ ပြည်နယ်အချို့တွင် လိင်တူချင်း ထိမ်းမြားလက်ထပ်ရန် ခွင့်ပြုထားပြီး ဖြစ်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဥပဒေ ပြဋ္ဌာန်းနိုင်ရန် ကာလရှည်ကြာ တိုက်ပွဲဝင်မှုမှာ ယခုအခါမှ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ သမ္မတ ဘာရတ် အိုဘားမားသည် လိင်တူချင်း ထိမ်းမြားလက်ထပ်ခွင့်ကို ထောက်ခံ အားပေးခဲ့သူဖြစ်ပြီး ယခုဥပဒေ အတည်ပြုနိုင်ခဲ့သည့်နောက် “ချစ်ခြင်းမေတ္တာက အနိုင်ရသွားပြီ”ဟု ရေးသားခဲ့သည်။
ဥပဒေကို အတည်ပြု ပေးခဲ့သည့် တရားရုံးမှ တရားသူကြီး အန်တိုနီ ကနေဒီက “ဒီလွတ်လပ်ခွင့်ကို ဘယ်အရာကမှ နောက်ထပ် ကြားဝင် တားမြစ်နိုင်မှာ မဟုတ်တော့ပါဘူး။ လက်ထပ်ထိမ်းမြားခြင်းထက် ပိုပြီး အားကောင်းတဲ့ ပေါင်းစည်းမှုဆိုတာ မရှိနိုင်ပါဘူး။ ဒါဟာ ချစ်ခြင်းမေတ္တာ၊ နှစ်လိုခြင်းနဲ့ ရင်းနှီးကျွမ်းဝင်မှုတွေကို အမြင့်ဆုံး ညွှန်ပြတဲ့ သင်္ကေတ ဖြစ်ပါတယ်။ တကယ်တော့ လက်ထပ်တယ် ဆိုတာဟာ လူနှစ်ယောက်ဟာ တစ်ဦးချင်း ရပ်တည်ချိန်ကထက် ပိုကြီးကျယ် ခမ်းနားတဲ့ ဘဝတစ်ခုကို အတူတည်ဆောက်ခြင်းပါပဲ”ဟု ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေ အတည်ပြုခဲ့ပြီးနောက် အမေရိကန် တစ်ဝန်းရှိ လိင်တူအခွင့်အရေး လှုပ်ရှားသူများက သက်တံရောင် အလံများကို ကိုင်ဆွဲကာ အောင်ပွဲခံခဲ့ကြသည်။ ဝါရှင်တန် ဒီစီတွင်လည်း လိင်တူချစ်သူများက အိမ်ဖြူတော် ခြံဝင်းရှေ့တွင် လာရောက်စုရုံးကာ ဥပဒေ အပြောင်းအလဲကို ကြိုဆို အောင်ပွဲခံခဲ့ကြောင်း သိရှိရသည်။

Credit >>> 7Days
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment