ရွှေဂုံတိုင်ခုံးကျော်တံတား တည်ဆောက်မှုတွင် ပိုလျှံငွေကျပ် ၂၂ သန်း ခွဲကျော် စစ်ဆေးတွေ့ရှိ


ရွှေဂုံတိုင်ခုံးကျော်တံတား တည်ဆောက်မှုတွင် ဒေသစံနှုန်းနှင့် တွက်ချက်မှုမှားယွင်းခြင်း ၀င်ငွေခွန်ပေးဆောင်ရန်လိုအပ်ခြင်း တို့အတွက် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းငွေ ကျပ် ၂၂ သန်းကျော်ရှိ

ရန်ကုန်မြို့ ရွှေဂုံတိုင်ခုံးကျော်တံတား တည်ဆောက်ခဲ့မှုတွင် စစ်ဆေးတွေ့ရှိချက်များအရ ဒေသစံနှုန်းနှင့် တွက်ချက်မှု မှားယွင်းခြင်းများ ရှိခဲ့ခြင်းနှင့် ၀င်ငွေခွန်ပေးဆောင်ရန် လိုအပ်ခြင်းတို့ကြောင့် စီမံကိန်းခွင့်ပြုငွေစုစုပေါင်းမှ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းငွေ ကျပ် ၂၂ သန်းကျော်ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ပြောကြားချက်အရသိရသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်များထဲမှ ခွင့်ပြုငွေကျပ်သန်းပေါင်း ၁၇၄၄၁သန်းဖြင့် Capital Development ကမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့တည်ဆောက်ခဲ့ရာတွင် စစ်ဆေးတွေ့ရှိချက်များနှင့် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းငွေကို သိရှိလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆိတ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒအမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)တွင် မေးမြန်းခဲ့သည်။

''၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှာ ရွှေဂုံတိုင် ခုံးကျော်တံတားအား စစ်ဆေးတွေ့ရှိချက်များအရ စံနှုန်းတွက်ချက်မှုများ မှားယွင်းခဲ့မှုများ ရှိခဲ့ပါ သလား။ ထပ်တိုးဆောင်ရွက်သည့် လုပ်ငန်းများအပေါ်မှာ နိုင်ငံတော်ကို ပြန်လည်ပေးသွင်းရမည့် ငွေကို စစ်ဆေးတွေ့ရှိခဲ့ပါသလား။ စစ်ဆေးတွေ့ရှိခဲ့ လျှင် နိုင်ငံတော်ကို ပေးသွင်းရမည့်ငွေ မည်မျှဖြစ်ကြောင်းနှင့် မည်သည့်နေ့က ငွေစာရင်းချလန်အမှတ်နှင့် ပေးသွင်းခြင်း ရှိ၊ မရှိကို သိရှိလိုပါကြောင်း''ဒေါ်စန္ဒာမင်းက မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းချက်ကို ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်ပြီး ရွှေဂုံတိုင်ခုံးကျော်တံတားစီမံကိန်း ခွင့်ပြုငွေ စုစုပေါင်း၂ဝ ဒသမ ၈၇ ဘီလီယံမှ စံနှုန်းကွာခြားခြင်း၊ ဒေသစံနှုန်းကွာခြားခြင်းနှင့် တွက်ချက်မှုမှားယွင်းခြင်း၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးသွင်းရန် လိုအပ်ခြင်း တို့အပါအဝင် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည့် ငွေမှာ ကျပ် ၂၂ သန်း ကျော်ဖြစ်ပြီး အဆိုပါငွေများအားလုံး ပြန်လည်ပေးသွင်းခဲ့ပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

''ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်ဆောင်ရွက်သော ရွှေဂုံတိုင်ခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းများကိုလည်း စစ်ဆေးခဲ့ပြီး စစ်ဆေးတဲ့အစီရင်ခံစာကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ရွှေဂုံတိုင်ခုံးကျော် တံတားသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်ဆောင်ရွက်သော တံတားဖြစ်ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၃ ‘ဒသမ ဝ၈၁ ဘီလီယံနှင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄ ဒသမ ၃၆ ဘီလီယံ စုစုပေါင်း ခွင့်ပြုငွေကျပ် ၁၇ ဒသမ ၄၄၁ ဘီလီယံဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီက ၂၁-၁-၂ဝ၁၆ ရက်စွဲပါစာဖြင့် စီမံကိန်းလုပ်ငန်း တန်ဖိုးကျပ် ၁၇ ‘ဒသမ ၄၄၁ ဘီလီယံနှင့် ထပ်တိုးလုပ်ငန်းများအတွက် လုပ်ငန်းခန့်မှန်းခြေစာ ရင်း တန်ဖိုးကျပ် ၃ ဒသမ ၄၃ ဘီလီယံ စုစုပေါင်းလုပ်ငန်း တန်ဖိုးကျပ် ၂ဝ ဒသမ ၈၇ ဘီလီယံဖြင့် ခွင့်ပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြန်လည်ဖြေကြား ရာတွင် ထည့်သွင်းပြောကြားသွားခဲ့ပြီး အဆိုပါတည်ဆောက်ရေးစီမံကိန်း ခွင့်ပြုငွေစုစုပေါင်းမှ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည့်ငွေ စုစုပေါင်း ၂၂ သန်းကျော်နှင့် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းခဲ့ပြီးဖြစ်ကြောင်း ချလန်အမှတ် များဖြင့် ပြန်လည်ဖြေကြားသွားခဲ့သည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ် ကြောပိတ်ဆို့မှုဖြေရှင်းရန်အလို့ငှာ ခုံးကျော်တံတားစီမံကိန်းများကို ကျပ် ဘီလီယံ ၁ဝဝ ကျော် အသုံးပြုတည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့ နေမှုများ အမှန်တကယ်ဖြေရှင်းနိုင်ခြင်းမရှိဘဲ တံတားအဆင်းနှင့် လမ်းဆုံများ၊ လမ်းသွယ်များတွင်ပါ ယာဉ်ကြောပိတ်ဆို့နေမှုများကို ကြုံတွေ့လာရသည်ဟု သိရသည်။ ယင်းကြောင့် ယခုဘဏ္ဍာရေးနှစ်တွင် ယခင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အထူးစီမံကိန်းအဖြစ် ဆောင်ရွက်မည့် တင်ပြထားခဲ့သော ခုံးကျော်တံတား နှစ်စင်းတည်ဆောက်ရန် လျာထားငွေ ၃၂ ဒသမ ၂၂ ဘီလီယံကို ယခုအစိုးရအနေဖြင့် တံတားနှစ်စင်း တည်ဆောက် ခြင်းအစား ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်ပြင်ပ မြို့နယ်များ၊ ကျေးရွာများ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တည်ဆောက်မည့် ဘတ်ဂျက်ငွေ နည်းပါးလွန်းသောကြောင့် အဆိုပါလုပ်ငန်းများတွင် တံတားတည်ဆောက် မည့်ငွေကြေးကို အသုံးပြုဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းအပြင် ရန်ကုန်မြို့တော် ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများကို မီးပွိုင့်ထိန်းချုပ်စနစ် ဆောင်ရွက်ခြင်း၊ ယာဉ်လိုင်းစနစ်များပြုပြင်ခြင်း၊ အများပိုင်ဘတ်စ်ကား လိုင်း တိုးချဲ့ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက် သွားမည်ဟု သိရသည်။

သတင်း - ဆုနှင်းလဲ့၊ ဓာတ်ပုံ - ဇေယျာလင်း
The Mirror Daily
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment