ကဗျာဘွဲ့မှူးနှင့် ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်အောင်တို့က အနုပညာရှင်များထံမှ ရယူထားသော ငွေကျပ်သိန်းတစ်သောင်းကျော်အား ပြန်လည်ပေးအပ်ရန် ရှောင်လွှဲနေခြင်းအပေါ် အနုပညာရှင်များမှ ရှင်းလင်း


တေးသံရှင်ကဗျာဘွဲ့မှူးနှင့် ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်အောင်(ZTH စက်သုံးဆီလုပ်ငန်း)တို့က ဂီတအနုပညာရှင်ရေးဆိုတီးသူများထံမှ ငွေကျပ်သိန်းတစ်သောင်းကျော် ရယူထားကာ ပြန်လည်ပေးအပ်ရန် ရှောင်လွှဲနေခြင်းအပေါ် ဂီတအနုပညာရှင်များမှ ရှင်းလင်းတင်ပြခြင်းကို ဇွန် ၈ ရက် နံနက်ပိုင်း၌ ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel တွင် ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ငွေကျပ်သိန်းရာထောင်ချီ၍ ကဗျာဘွဲ့မှူး နှင့်ခင်ပွန်းဖြစ်သူတို့အား ပေးအပ်ခဲ့သူ အနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး အဆိုတော် မေခလာ၊ ကော်နီ၊ ဆုန်သင်းပါရ်၊ ဘိုဖြူ ၏ဇနီး၊ အာဗြဲ (ကဗျာဘွဲ့မှူး၏မောင်ဖြစ်သူ) ၏ဇနီး၊ အဆိုတော်ခရစ္စတိုဖာ၊ အဆိုတော် စင်ဒီ၊ အဆိုတော်  D ဖြိုး ဇနီး၏ ဖခင် အစရှိသူများက တက်ရောက်ကာ ဖြစ်စဉ်ကို ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုတော်မေခလာက “ဒီပွဲလေးက အနုပညာရှင်တွေရဲ့ ရင်ဖွင့်တဲ့ပွဲလေးပါ။ အမှန်တရားကို ဖော်ထုတ်တဲ့ပွဲလို့လည်း ပြောလို့ရပါတယ်။ ကဗျာဘွဲ့မှူးတို့ ဇနီးမောင်နှံက ချစ်ငယ်တို့ အရမ်းချစ်ခင်ရတဲ့ ကလေးတွေပါ။ ရင်းနှီးမှုကိုအကြောင်းပြပြီး အခုလိုလုပ်သွားတယ်လို့ ပြောလို့ရပါတယ်။ ယုံကြည်မှုနဲ့ အလုပ်လုပ်ကြတဲ့ အပေါ်မှာ အခုလိုလုပ်သွားတာပါ။ သူတို့အရမ်းလည်း ချမ်းသာကြပါတယ်။ သူတို့ရဲ့ဝင်ငွေ နှစ်ရက် သုံးရက် စာလောက်နဲ့ အခုအဆိုတော်တွေ ပါသွားတဲ့ ပိုက်ဆံကို ပြန်ဖြေရှင်းလို့ရပါတယ်။ အခုပြောရတာက အနုပညာသမား အချင်းချင်း ဒီလိုမလုပ်သင့်ဘူးထင်လို့ ရင်ဖွင့်ရတာပါ။ ချစ်ငယ်တို့ အားလုံးကို လာပြောတဲ့ အချိန်မှာ ချစ်ငယ်တို့ သီချင်းဆိုနေမယ့်အစား စီးပွားရေးလုပ်ငန်းလေး လုပ်ပါလားဆိုပြီး ပြောခဲ့တာပါ။ ZTH ဆီဆိုင်က ရှယ်ယာဝင်ကြပါဆိုပြီး ပြောခဲ့တာပါ။ တချို့ကိုလည်း ရှယ်ယာတစ်စု သိန်းငါးရာလို့ ပြောခဲ့တယ်။ တချို့ကိုလည်း ရှယ်ယာတစ်စု သိန်းနှစ်ရာလို့ ပြောပြီးယူခဲ့ပါတယ်။ ပြီးတော့ အမြတ်ဝေစုလည်း တစ်ခါမှ မရခဲ့ဖူးပါဘူး။ ပေးထားတဲ့ငွေတွေကို တတ်နိုင်သမျှ ပြန်လည်ပေးအပ်ဖို့ကိုလည်း အနုပညာရှင်တွေက အကြိမ်ကြိမ်အခါခါ တောင်းဆိုခဲ့ပါတယ်။ အခက်အခဲဖြစ်နေလို့ ပိုက်ဆံတွေ မပေးသေးရင်တောင် လူထွက်ပြပါ၊ အကြောင်းရင်းကို ရှင်းပြပါဆိုပြီး တောင်းဆိုခဲ့ပါတယ်။ အခုတော့ ဖုန်းတွေပိတ်ထားပါတယ်။ ပတ်သက်တဲ့ အသိုင်းအ၀န်းတွေကလည်း ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်ကြလို့ အခုလိုရှင်းရတာပါ။ သူတို့အမှားလုပ်တာ သိပေမယ့် အနုပညာသမားချင်း ဖြစ်နေလို့ ချစ်ငယ်တို့ အားလုံး စောင့်ထိန်းခဲ့ပါတယ်။ အခုတော့ သူ့အမျိုးသားကလည်း မပတ်သက်ပါဘူးဆိုပြီး ထုတ်ပြန်လာလို့ အမှန်တရားဘက်က သူတွေက အမှားဖြစ်နေမှာစိုးလို့ ပြန်လည် ရှင်းလင်း တင်ပြတာပါ” ဟု ဆိုပါသည်။

အဆိုတော် ဆုန်သင်းပါရ်ကလည်း “မကဗျာဆိုတာ ကိုယ့်အစ်မအရင်းလို လေးစားချစ်ခင်ရတဲ့ အစ်မပါ။ ပိုက်ဆံပါသွားတာထက်စာရင် ကိုယ်ယုံကြည်တဲ့ သူတစ်ယောက်က ကိုယ့်ယုံကြည်မှုကို အလွဲသုံးစားလုပ်လို့ အရမ်းစိတ်မကောင်း ဖြစ်ပါတယ်။ ပြီးတော့ ဆုန်သင်းတို့ ပိုက်ဆံတွေအားလုံးက စီးပွားရေးလုပ်ပြီး ရထားတဲ့ ပိုက်ဆံတွေ မဟုတ်ပါဘူး။ သီချင်းဆိုပြီးရလာတဲ့ သန့်ရှင်းတဲ့ ပိုက်ဆံတွေဖြစ်ပါတယ်။ ဒီလိုမျိုး ဘာမှ ညှိနှိုင်းခြင်း မရှိဘဲ၊ ဆက်သွယ်ခြင်း မရှိတော့ဘဲနဲ့ အားကြီးတဲ့သူက အားငယ်တဲ့သူကို အနိုင်ရသလိုမျိုး ဖြစ်နေမှာစိုးလို့ အနုပညာမောင်နှမတွေ အားလုံး စုစုစည်းစည်းနဲ့ တိုင်ပင်ပြီး ဒီလိုဖြေရှင်းရခြင်းပါ။ ပထမတော့ သူ့နာမည်တောင် သိက္ခာကျမှာစိုးလို့ မပြောခဲ့ပါဘူး။ ဒီပိုက်ဆံကလည်း ယုံကြည်စွာနဲ့ ပေးအပ်ခဲ့တာဖြစ်လို့ ဆုန်သင်းတို့ကို ပြန်ပေးပါလို့ ပြောချင်သလို အမှန်တရားတစ်ခုကို တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်ကြီးကို သိစေချင်ပါတယ်။ ဆုန်သင်းတို့ကလည်း ပြည်သူထဲက ပြည်သူတစ်ယောက် ဖြစ်တဲ့အတွက် ပြည်သူတွေဘက်က ရပ်တည်ပေးပါလို့ ပြောချင်ပါတယ်” ဟု ဖြစ်စဉ်နှင့် ပတ်သက်၍ ရင်ဖွင့်ပြောကြားခဲ့သည်။

တေးသံရှင် ကဗျာဘွဲ့မှူးနှင့် ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်အောင် (ZTH စက်သုံးဆီလုပ်ငန်း) တို့မှ ဂီတအနုပညာရှင်များထံမှ ငွေကြေးများ ရယူကာ ရှောင်လွှဲနေခြင်းနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းပေးပါရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများထံ အနုပညာရှင်များက စုပေါင်း လက်မှတ်ရေးထိုး တင်ပြသွားရန် စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင် ဇွန် ၇ ရက်ထုတ် ကြေးမုံသတင်းစာ၌ ထုတ်ပြန်ခဲ့သည့် ဦးမျိုးမြင့်အောင်နှင့် ကဗျာဘွဲ့မှူးတို့ ကွာရှင်းပြတ်စဲထားပြီးဖြစ်ကာ ပတ်သက်ခြင်း မရှိကြောင်း ကြေညာချက်နှင့် ပတ်သက်၍လည်း အနုပညာရှင်များထံမှ ငွေကြေးများ ရယူရာတွင် ဦးမျိုးမြင့်အောင် ကိုယ်တိုင် သိရှိလက်ခံခဲ့ခြင်းဖြစ်ကြောင်းကို သက်သေ အထောက်အထားများ ရှိနေကြောင်းနှင့် ယခု ငွေကြေးပြ ဿနာပေါ်ပေါက်ခြင်း မရှိမီတွင် ဦးမျိုးမြင့်အောင်နှင့် ကဗျာဘွဲ့မှူးတို့ လင်မယားအဖြစ် သွားလာနေထိုင်ခဲ့သည့် အထောက်အထားများ ရှိနေသောကြောင့် ယခုငွေကြေး ကိစ္စရပ်တွင် ကဗျာဘွဲ့မှူးနှင့်အတူ ဦးမျိုးမြင့်အောင်တွင်လည်း တာဝန်ရှိနေကြောင်း အနုပညာရှင်များက ပြန်လည်၍ အသိပေးကြေညာချက် ထုတ်ပြန်သွားမည်ဟု သိရသည်။
7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment