ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ခြံဝင်းတံခါးနှင့် အိမ်နံပါတ်ပြားဟောင်းတို့ကို ကြမ်းခင်းဈေး ကျပ်သိန်းနှစ်ထောင်ဖြင့် လေလံတင်မည်


 ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရစဉ် ဆယ်စုနှစ် နှစ်ခုကျော် ကာလတစ်လျှောက် အသုံးပြုခဲ့သည့် အိမ်ခြံဝင်းတံခါးဟောင်းကြီးနှင့် (၅၄) ဆိုသည့် အိမ်နံပါတ်ပြားဟောင်းတို့ကို ကြမ်းခင်းဈေး ကျပ်သိန်း ၂,၀၀၀ ဖြင့် လေလံတင် ရောင်းချမည်ဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက်က ကြေညာလိုက်သည်။
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ခြံဝင်း၌ တပ်ဆင်အသုံးပြုခဲ့သော ယင်း တံခါးဟောင်းနှင့် အိမ်နံပါတ်ပြားဟောင်းကို လေလံတင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟန်းမြို့နယ် ဥက္ကဋ္ဌ တော်ဝင်နှင်းဆီဦးစိုးညွန့်က ကြေညာခဲ့ပြီး ၎င်းအနေဖြင့် ထိုအရာတို့ကို တရားဝင် လက်ဝယ်ရရှိထားသည်ဟု ဆိုသည်။
‘‘၎င်းပစ္စည်းတို့သည် သမိုင်းဝင်ပစ္စည်းများဖြစ်သောကြောင့် ကျွန်တော်အမြတ်တနိုး သိမ်းဆည်းထားရှိခဲ့ပါသည်။ ထိုဂိတ်တံခါးကြီးကသာ စကားပြောနိုင်မယ်ဆိုရင် နှစ်ပေါင်း ၂၅ နှစ် ကျော် မြန်မာ့ဒီမိုကရေစီတိုက်ပွဲ သမိုင်းကို ပြန်လည်ပြောပြနိုင်သော ပစ္စည်းတစ်ခုဖြစ်ပါသည်’’ ဟု တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခဲ့စဉ်က တက္ကသိုလ်လမ်းအပြည့် ရောက်ရှိစောင့်ဆိုင်း နေသော လူအုပ်ကြီးကို ယင်းခြံဝင်းတံခါးဝမှနေ၍ မိန့်ခွန်းပြောကြားခဲ့ဖူးသည်။ ထို့နောက် အချိန် အတန်ကြာပြီးမှ ယခုလက်ရှိ ၎င်း၏ခြံရှေ့တွင် မြင်တွေ့နေရသည့် ခြံဝင်းတံခါးကြီးနှင့် ခြံဝင်းအုတ်တံတိုင်းတို့ကို တည်ဆောက်တပ်ဆင်ခဲ့ခြင်းဖြစ်သည်။
ခြံဝင်းဂိတ်တံခါးနှင့် အိမ်နံပါတ်ကြွေပြားကို သားစဉ်မြေး ဆက်သိမ်းဆည်းထားလိုသော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀)ပြည့် မွေးနေ့အခမ်းအနား နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တည်ဆောက်ရေးအတွက် လှူဒါန်းလိုသဖြင့် ရောင်းချခြင်းဖြစ်သည်ဟု တော်ဝင်နှင်းဆီဦးစိုးညွန့်က ဆိုသည်။ ကျပ်သိန်း ၂,၀၀၀ ကြမ်းခင်းဈေးဖြင့် ရောင်းချမည့် လေလံတင်ပွဲမှ ရရှိမည့် အလှူငွေအားလုံး လှူ ဒါန်းမည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံသားများသာမက ကမ္ဘာတစ်ဝန်းရှိ လူမျိုးမရွေး၊ နိုင်ငံသားမရွေး ဝယ်ယူနိုင်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ လေလံပွဲအကြောင်း၊ ဂိတ်တံခါးအကြောင်းတို့နှင့် ပတ်သက်၍ အသေးစိတ်ကို ဆက်သွယ်မေးမြန်းရန် 7 Day Daily က ဇန်နဝါရီ ၃၀ ရက်တွင် ကြိုးစားခဲ့သော်လည်း မရရှိပေ။
ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရုံးချုပ် အဆောက်အအုံဟောင်းကို ၂၀၁၄ နှောင်းပိုင်းကတည်းက ဖြိုချထားပြီးဖြစ်သည်။ လက်ရှိတွင် ရုံးဟောင်းနှင့် ကပ်လျက် အဆောက်အအုံများ၌ ရုံးချုပ်ကို ပြောင်းရွှေ့ဖွင့်လှစ်ထားသည်။
မူလရုံးချုပ်အဆောက်အအုံမှာ နေရာအခက်အခဲဖြစ်ပေါ်လာ၍ ယင်းနေရာ၌ ခြောက်ထပ် အဆောက်အအုံတစ်ခုတည်ဆောက်ရန် NLD က ရည်ရွယ်ထားသည်။ ပိုင်ရှင်ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် မြို့တော်စည်ပင်အဆောက်အအုံ ဖျက်သိမ်းခွင့်၊ ဆောက်လုပ်ခွင့် ချထားပေးပြီးဖြစ်သည်။ ယင်းအဆောက်အအုံကို မြန်မာနိုင်ငံသား၊ တိုင်းရင်းသားလုပ်ငန်းရှင်များ ဆောက်လုပ်ခွင့်လျှောက်ထားနိုင်ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။
Credit >>> 7day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment