ဒေသထွက် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် ဗိုလ်ချုပ်ရုပ်တု မတ္တရာမြို့တွင် စိုက်ထူမည်


မတ္တရာမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း  နှစ်တစ်ရာပြည့် ဂုဏ်ပြုသည့်အနေဖြင့်  ဒေသထွက်  စကျင်ကျောက်သားဖြင့် ပထမဦးဆုံး   ထုလုပ်ထားသော ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မတ္တရာမြို့နယ် စည်ပင်သာယာပိုင် ဗိုလ်တေဇပန်းခြံ၌ အပေါ်တစ်ပိုင်းပါ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုရှိသော်လည်း ပျက်စီးယိုယွင်းနေပြီဖြစ်သည့်အတွက် တစ်ကိုယ်လုံးပါသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု   စိုက်ထူရန်စီစဉ်နေကြောင်း မတ္တရာမြို့၊ ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် ကျင်းပရေးကော်မတီဝင်များက ပြောသည်။
‘‘မတ္တရာကိုယ်စားပြု ကိုယ့် ဒေသထွက် စကျင်ကျောက်နဲ့ ဗိုလ်ချုပ်ရုပ်တု ပထမဆုံးထုလုပ်ပြီး ဂုဏ်ပြုတဲ့ သဘောပါ’’ဟု ကော်မတီမှ ပြန်ကြားရေးဥက္ကဋ္ဌ ဦးညီညီဦးကပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းကုတ်အင်္ကျီနှင့် ရိုက်ကူးထားသော ပုံစံကို  စကျင်ရွာမှ ပန်းတမော့ပညာရှင် ဦးမောင်ကြီး(အနန္တဂုဏ်ရည်) က ထုလုပ်နေပြီး အမြင့် ၇ ပေ ရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အမီ စည်ပင်သာယာ ပန်းခြံအတွင်း အခမ်းအနားဖြင့် စိုက်ထူသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် မတ္တရာမြို့တွင် စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲများ ကျင်းပပေးခဲ့ပြီး ဗိုလ်ချုပ်မွေးနေ့တွင်လည်း သံဃာတော်အပါး ၅၀၀ အား ဆွမ်းဆက်ကပ်ခြင်း၊ ပရိတ်တရားနာယူခြင်းများ ပြု လုပ်သွားမည်ဖြစ်သည်။ ထို့အပြင် နွားလှည်း၊ ပိုက်ကျော်ခြင်းနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများ  ကျင်းပသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။
Credit >>> 7day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment