ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ် လမ်းကြောင်းအဖြစ် သတ်မှတ်ထားသော ဘလောက်တုံးအချို့ကို ပြန်လည် ဖယ်ရှားမည်ဟု သတင်းရရှိသည်။
မြို့လယ် အချို့နေရာများတွင် ချထားသော ဘလောက်တုံးများမှာ ဘတ်စ်ကားများသွားလာ မှု အနှောင့်အယှက်ဖြစ်စေ၍ ယာဉ်သွားလာမှုကို အဆင်ပြေ စေရန် ဖယ်ရှားခြင်းနှင့် နေရာ ရွှေ့ပြောင်းပေးခြင်းများ ပြုလုပ်မည်ဟု မြို့တော်စည်ပင် အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘မထသကလည်း တင်ပြ ထားတာရှိတယ်။ သူတို့ယာဉ်တွေ သွားလာရခက်တဲ့နေရာတချို့မှာ ဘလောက်တုံးတွေဖယ်ပေးဖို့ဆိုပြီးပြောတယ်။ သူတို့ တင်ပြထားသလောက်တော့ ဖယ်ပေးလို့မရဘူး။ တချို့တလေကိုတော့ဖယ်ပေး၊ ရွှေ့ပေးဖို့ လိုက်ကြည့်နေ တယ်’’ဟု အထက်ပါတာဝန်ရှိသူ ကပြောသည်။
ရန်ကုန်မြို့တွင်း အနော်ရထာလမ်းမတစ်လျှောက်တွင် ခရီးသည်တင်ယာဉ်များ သီးသန့်သွားလာရန် သတ်မှတ်သော ဘလောက်တုံးများကို ပြီးခဲ့သည့်နှစ်ကုန်က စတင်ချထားခဲ့ခြင်း ဖြစ်သည်။
ဘလောက်တုံးချထားရာနေရာအချို့မှာ လမ်းအနေအထားအရ ယာဉ်ကြီးများသွားလာရန်နေရာ ကျဉ်းနေခြင်း၊ လမ်းသွယ်၊ မီးပွိုင့် များတွင် စီတန်းစွာချထားမှုများကြောင့် ယာဉ်သွားလာမှုအဆင်မပြေဟုဆိုကာ မထသ(ဗဟို)က ဘလောက်တုံးအလုံးရေ ၂၀၀ကျော် ဖယ်ရှားပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ယခုလဆန်းက တင်ပြထားခဲ့သည်။
‘‘တင်ပြထားသလို ဖယ်ပေးတာတော့မရှိသေးဘူး။ တချို့နေ ရာတွေကိုတော့ ၀င်ထွက်ရလွယ်အောင် နေရာရွှေ့ပေးဖို့ လုပ်နေတယ်လို့တော့ သိရတယ်’’ ဟု မထသ(ဗဟို)ဥက္ကဋ္ဌဦးလှအောင် ကပြောသည်။
ရန်ကုန်မြို့တွင် ခရီးသည်တင်ယာဉ်များ သွားလာရန် အနော်ရထားလမ်း တစ်လျှောက်၌ ဘလောက်တုံးအလုံးရေငါးရာကျော် ပထမဆုံး ချထားခဲ့ပြီး ကျန်ရှိမြို့တွင်း လမ်းမကြီးများတွင် ဆက်လက်ချထားနိုင်ခြင်း မရှိသေးပေ။
‘‘ထပ်ချဖို့ကိုလေ့လာတွက်ချက်နေတုန်းပါ။ ယာဉ်တွေစည်းကမ်းလိုက်နာမှုတိုးတက်မလာရင် ဘလောက်တုံးချတာ ဆက်လုပ်သွားရမှာပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ခင်က ပြောသည်။ မြို့တော်စည်ပင် အနေဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တင်ပြသောနေရာများတွင် ဘလောက်တုံးချထားမှုများ ပြုလုပ်ပေးနေပြီး ရန်ကုန်မြို့၌ ဘလောက်တုံးချထားမှုများ ဆက်လက်ပြုလုပ်သွားရန် အလုံးရေ တစ်သောင်းခွဲကျော် လျာထားထုတ်လုပ်ထားသည်ဟုဆိုသည်။

Credit >>> 7Day
0 comments:
Post a Comment