မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်တွေကြားက တိုက်ပွဲမှာ တရုပ်ပိုင်နက်မြေပေါ်ကို လမ်းကြောင်းလွဲ ကျလာတဲ့ အမြောက်ဆံကြောင့် နယ်စပ်က အိမ်တလုံး ပျက်စီးပြိုကျသွားတဲ့အကြောင်းနဲ့ နောက်ထပ်မဖြစ်အောင် ကာကွယ်ဖို့ တရုတ်အစိုးရက မြန်မာကို သတိပေးတောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက် တနင်္ဂနွေနေ့က တရုတ်မြေပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့ အမြောက်ဆံကြောင့် အိမ်တစ်လုံး ပျက်စီးသွားပေမယ့် အသေအပျောက်တော့ မရှိခဲ့ဘူး လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟုန်လီက ဘေကျင်းမှာ ကျင်းပတဲ့ နေ့စဉ်ပုံမှာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ကျနော်တို့ နားလည်ထားတဲ့အတိုင်းဆိုရင် မတ်လ ၈ ရက်နေ့က မြန်မာစစ်တပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) တို့ တိုက်ပွဲဖြစ်ခဲ့တယ်။ လမ်းကြောင်း လွဲလာတဲ့ အမြောက်ဆံတစ်ခုက တရုတ်ပိုင်နက်ထဲ ၀င်လာပြီး လူနေအိမ်တစ်လုံးကို ထိမှန် ပျက်စီးသွားခဲ့တယ်။ ကံကောင်းချင်တော့ သေဆုံးဒဏ်ရာရသူ တစ်ယောက်မှ မရှိခဲ့ဘူး။ တရုတ်အစိုးရအနေနဲ့ မြန်မာဖက်ကို စိုးရိမ်ပူပန်ကြောင်း ပြောဆိုထားပြီး ဒီလိုဖြစ်ပျက်စေခဲ့တဲ့ အောက်ခြေအထိ ရှင်းလင်းဆောင်ရွက်ဖို့နဲ့ နောက် ဒါမျိုး ထပ်မဖြစ်ရအောင် ထိထိရောက်ရောက် ကာကွယ်လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်” လို့ ဟုန်လီက ပြောသွားတာပါ။
ဒီပဋိပက္ခဟာ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်မှုနဲ့ လူမှုဘ၀ တည်ငြိမ်မှုတွေကို ဖရိုဖရဲ ဖြစ်ရတယ် လို့လဲ သူက ပြောပါတယ်။
“ကိုးကန့် ပဋိပက္ခဟာ ခုဆို တလကျော်လောက် ကြာလာပြီးတော့ တရုတ်-မြန်မာနယ်စပ်က တည်ငြိမ်မှု ပျက်ပြားရပြီး လူမှုဘ၀တွေ ကစဥ့်ကလျား ဖြစ်ကုန်ရတယ်။ ဒီတင်းမာမှုတွေ လျှော့ချနိုင်ဖို့ နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုတွေ အမြန်ဆုံး ရရှိအောင် အခြေအနေတွေ သက်တောင့်သက်သာ ရှိစေဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ကျနော်တို့ တခါထပ်ပြီး တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
တနင်္ဂနွေနေ့က နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး မြန်မာစစ်သား ၈ ယောက် ထိခိုက်ဒဏ်ရာရာကာ တရုတ်နယ်စပ်အနီး MNDAA အဖွဲ့ နေရာယူ တိုက်ခိုက်နေတဲ့ တောင်ကုန်းတွေကို သိမ်းယူဖို့ မြန်မာစစ်တပ်က အမြောက်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ တယ်လို့ မြန်မာအစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဒီပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့အတွက် တရုတ်နဲ့မြန်မာ သံတမန်အဖွဲ့တွေလဲ ဘေကျင်းမြို့တော်နဲ့ ၂ နိုင်ငံ နယ်စပ်မြို့တွေမှာ တွေ့ဆုံဆွေးနွေးနေဆဲဖြစ်ပေမယ့် အကျိုးရ လဒ်ကတော့ သိသိသာသာ မပေါ်လာသေးပါဘူး။
မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသတိုက်ပွဲမှာ တရုတ်ကြေးစားစစ်သားတွေ ပါဝင်နေတယ်လို့ မြန်မာအစိုးရဖက်က စွပ်စွဲခဲ့ပြီး နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု တွေကို တားဆီးကာကွယ်ရာမှာ တရုတ်အစိုးရလဲ ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆို ထားပါတယ်။
ပြီးခဲ့တဲ့လဆန်းက ပြန်လည်စတင်တဲ့ မြန်မာစစ်တပ်နဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေအကြား တိုက်ပွဲတွေကြောင့် ဒုက္ခသည် ထောင်ပေါင်းများစွာဟာ တရုတ်နိုင်ငံနယ်စပ် ယူနန်ပြည်နယ်ထဲ ၀င်ရောက်ခိုလှုံခဲ့ကြရပါတယ်။
Credit >>> DVB
0 comments:
Post a Comment