လက်ပံတန်းမြို့၌ ပိတ်မိနေသည့် ကျောင်းသားသပိတ်အား အစိုးရအနေဖြင့် အကြမ်းမဖက်ရန်နှင့် မြို့တော်ခန်းမရှေ့တွင် ရိုက်နှက်ဖမ်းဆီးခြင်းကို ရှုတ်ချကြောင်း နိုင်ငံရေးအင်အားစုများ ရှင်းလင်း


လက်ပံတန်းမြို့တွင် ပိတ်မိနေသည့် ကျောင်းသားသပိတ်စစ်ကြောင်းကို အစိုးရအနေဖြင့် အကြမ်းဖက်ဖြေရှင်းခြင်း မပြုလုပ်ရန် နှင့် မတ် ၅ ရက်က မြို့တော်ခန်းမရှေ့တွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးအင်အားစု ၆ဝ ကျော်က သဘောထားထုတ်ပြန်ခဲ့ပြီး ရှင်းလင်းခဲ့သည်။

မတ် ၉ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသို့ ရွှေဝါရောင်သံဃာတော်များ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစုနှင့် ရှေ့နေများကွန်ရက် စသည်ဖြင့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး ကျောင်းသားသပိတ်ကို အကြမ်းမဖက်ရန် ဆန္ဒပြသည့် ကျောင်းသားများကို မတ် ၅ ရက်က လက်ပတ်အနီ ဝတ်ဆင်ထားသည့် အရပ်သားများကို အသုံးပြုရိုက်နှက် ဖြေရှင်းခြင်းကို ရှုတ်ချကြောင်း ရှင်းလင်းခဲ့ကြသည်။

ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစုမှ ဦးမြတ်ဆွေက “ဆူပူမှုကို ဘယ်သူတွေဖန်တီးလဲဆိုတာက မတ် ၅ ရက်က ပြဿနာကို ကြည့်ရင်ရှင်းပါတယ်။ ကျောင်းသားတွေက ဆူပူမှုကို ဖန်တီးနေတာ မဟုတ်ပါဘူး။ ဒီသပိတ်တိုက်ပွဲကို ဖန်တီးတာက အစိုးရပဲဖြစ်တယ်။ နောက်ပြီး ခုလိုရက်ရှည်ကြအောင် လုပ်နေတာလည်း သူတို့ပဲဖြစ်တယ်။ ရက်ပေါင်း ၆ဝ အတွင်း အချိန်ပေးထားတုန်းက ဆွေးနွေးဖြေရှင်းခဲ့ရင် ခုလိုအခြေအနေမျိုးဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေးအတွက် လက်ပံတန်းမြို့တွင် ပိတ်ဆို့ခံနေရပြီး ထိုင်သပိတ် ဆင်နွှဲနေသည့် ကျောင်းသားများ အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတထံသို့ နိုင်ငံရေးပါတီများ အပါဝင် နိုင်ငံရေးအင်အား စုပေါင်း ၂၃ ဖွဲ့မှ မတ် ၇ ရက်က မေတ္တာရပ်ခံချက်တစ်စောင် ပေးပို့ခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ စုံစမ်းဖော်ထုတ်ရေးကော်မတီ အတွင်းရေးမှူး ဒေးဗစ်လှမြင့်က “ကျောင်းသားတွေအပေါ်မှာ ရိုက်နှက်ဖြေရှင်း လိုက်တာက လူ့အခွင့်အရေး ချိုးဖောက်ရုံတင်မကပါဘူး။ ရာဇဝတ်မှုတွေကိုပါ ကျူးလွန်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုရိုက်နှက်ခွင့်ကို ဘယ်သူတွေက ခွင့်ပြုလိုက်တာပါလဲ။ အစိုးရရဲ့ပုံစံတွေက ပြောင်းပေမယ့် အကျင့်စရိုက်တွေကတော့ အတူတူပဲဖြစ်တယ်” ဟုဆိုသည်။

ထို့ပြင်မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှလည်း လက်ပံတန်းတွင် ရောက်ရှိနေသည့် ကျောင်းသားသပိတ် စစ်ကြောင်းကို အစိုးရမှ အကြမ်းဖက်ဖြိုခွင်းခြင်း မပြုရန်နှင့် မြို့တော်ခန်းမရှေ့၌ အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်ကို မတ် ၉ ရက်က ထုတ်ပြန်ခဲ့သည်။
Credit >>> Eleven
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment