တရုတ်နိုင်ငံအတွင်းသို့ လမ်းလွဲရောက်ရှိလာသည့် လူသေဆုံးစေသော နောက်ထပ်ပစ်ခတ်မှုများ ဖြစ်ပေါ်လာမည် ဆိုပါက တရုတ်စစ်တပ်သည် ၎င်းတို့၏ ပြည်သူများ လုံခြုံရေးအတွက် ကာကွယ်ရန် တင်းမာပြတ်သားသော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရလိမ့်မည်ဟု တရုတ်အကြီးတန်း စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် ဖန်ချန်လောင်းက မတ် ၁၄ ရက်တွင် မြန်မာနိုင်ငံအား ရာဇသံပေးလိုက်ကြောင်း သိရသည်။
တရုတ်ဗဟို စစ်ကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဖန်ချန်လောင်းက မတ် ၁၃ ရက်တွင် မြန်မာစစ်လေယာဉ် တစ်စင်းက ကြဲချခဲ့သော ဗုံးတစ်လုံးသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ တရုတ်နိုင်ငံသား ငါးဦးကို သေဆုံးစေခဲ့ပြီးနောက် မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တယ်လီဖုန်းမှတစ်ဆင့် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖန်ချန်လောင်းက ယခုဖြစ်ရပ်ကို လေးနက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်၊ တာဝန်ရှိသူများကို ပြင်းထန်စွာ အပြစ်ပေးရန်၊ သေဆုံးသူတို့၏ မိသားစုများကို တောင်းပန်ပြီး လျော်ကြေးပေးရန် မြန်မာနိုင်ငံကို တောင်းဆိုလိုက်သည်။
သူက မြန်မာနိုင်ငံအနေဖြင့် ယခုဖြစ်ရပ်ကို ကောင်းစွာဖြေရှင်းပြီး နယ်စပ်ဒေသများ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အာမခံချက်ရှိစေရန် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာတို့အနေဖြင့် တရုတ်တို့၏ ခံစားမှုများကို နားလည်ကြောင်း ပြောကြားခဲ့ပြီး မြန်မာတို့ဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ စေလွှတ်ကာ တရုတ်ဘက်မှ ကိုယ်စားလှယ်များနှင့်အတူ ယခုဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုများ ပူးတွဲလုပ်ဆောင် သွားမည်ဟုလည်း ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သက်ဆိုင်ရာ အကြောင်းအရာများကို စနစ်တကျ ကိုင်တွယ်သွားမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များအနေဖြင့် တာဝန်ယူ တာဝန်ခံသွားမည် ဖြစ်ကြောင်းလည်း ကတိပြုခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာစစ်တပ်သည် တရုတ်စစ်တပ်နှင့်အတူ ချစ်ကြည်ရင်းနှီးစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
မြန်မာစစ်လေယာဉ်များသည် တရုတ်- မြန်မာနယ်စပ်ကို ဖြတ်ကျော်ကာ ကြိမ်ဖန်များစွာ ဝင်ရောက်ခဲ့ကြောင်းနှင့် လမ်းလွဲပစ်ခတ်မှုက တရုတ်ပြည်သူတို့၏ စည်းစိမ်ဥစ္စာများကို ဆုံးရှုံးစေပြီး ထိခိုက်စေမှုများ ရှိခဲ့ကြောင်း ဖန်ချန်လောင်းက ပြောကြားခဲ့သည်။ မတ် ၈ ရက်ကလည်း မြန်မာအစိုးရ တပ်များနှင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားရာမှ လမ်းလွဲပစ်ခတ်မှု တစ်ရပ်က တရုတ်နိုင်ငံအတွင်းရှိ အိမ်တစ်လုံးကို ထိခိုက်ပျက်စီးစေခဲ့သည်ဟု ဆိုသည်။ လွန်ခဲ့သည့် နှစ်ရက်က တရုတ်နိုင်ငံအတွင်းသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟောင်လေက ပြောကြားခဲ့သည်။
မတ် ၁၃ ရက်က မြန်မာစစ်လေယာဉ်မှ ကြဲချခဲ့သော ဗုံးတစ်လုံးသည် တရုတ်နိုင်ငံ၏ မြန်မာနှင့် နယ်စပ်၌ရှိသော လင်ကန်းမြို့ရှိ ကြံစိုက်ခင်းတစ်ခုသို့ ကျရောက်ခဲ့ပြီး ယင်းတွင်အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသားငါးဦး သေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ မတ် ၁၃ ရက်ကတည်းက တရုတ်လေတပ်သည် တရုတ်-မြန်မာနယ်စပ်၌ ကင်းလှည့်ရန် တိုက်လေယာဉ်များ စေလွှတ်ခဲ့ပြီး တရုတ်နိုင်ငံအနီးသို့ ချဉ်းကပ်ပျံသန်းလာသည့် မြန်မာစစ်လေယာဉ်များကို ခြေရာခံခြင်း၊ စောင့်ကြည့်ခြင်း၊ သတိပေးခြင်းနှင့် လိုက်လံမောင်းထုတ်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
နယ်စပ်သို့ နီးကပ်စွာပျံသန်းလာမည့် မြန်မာလေယာဉ်များကို စောင့်ကြည့်သတိပေး ခြေရာခံကာ လိုက်လံခြောက်လှန့်ရန်အတွက် မတ် ၁၃ ရက်က တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၏ လေတပ်သည် တိုက်လေယာဉ်အချို့ကို စေလွှတ်ခဲ့ကြောင်း တရုတ်လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှင်ဂျန်ကီက ပြောကြားခဲ့သည်။
တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး လုကျန်မင်းက ပေကျင်းရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းကို မတ် ၁၃ ရက်ညတွင် ဆင့်ခေါ်ကာ ကန့်ကွက်ခဲ့သည်။ မြန်မာအာဏာပိုင်များအနေဖြင့် အဆိုပါဖြစ်စဉ်ကို စနစ်တကျ စုံစမ်းစစ်ဆေးရန်၊ စစ်ဆေးမှုရလဒ်များကို တရုတ်နိုင်ငံသို့ အကြောင်းကြားရန်၊ တာဝန်ရှိသူများကို အပြစ်ပေးရန်နှင့် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် ထိရောက်သော လုပ်ငန်းစဉ်များကို ချက်ချင်းလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ မတ် ၁၄ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန်းကလည်း မြန်မာအစိုးရနှင့် မြန်မာစစ်တပ်ကို ကန့်ကွက်ခဲ့သည်။
တရုတ်ဝန်ကြီးချုပ် လီကေကျင်းကလည်း တရုတ်အစိုးရသည် နိုင်ငံအနောက် တောင်ပိုင်းနယ်စပ်တွင် နေထိုင်နေကြသည့် တရုတ်နိုင်ငံသားများကို ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဖြစ်ကြောင်း မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ မြန်မာစစ်လေယာဉ်တစ်စင်းမှ ကြဲချခဲ့သည့် ဗုံးတစ်လုံးကြောင့် တရုတ်ပိုင်နက်ထဲမှ လူငါးဦးသေဆုံးခဲ့ရပြီးနောက် ယခုကဲ့သို့ တရုတ်အစိုးရ၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိခိုက်သေဆုံးခဲ့ရသူတို့နှင့် ကျန်ရစ်သူမိသားစုတို့နှင့် ထပ်တူဝမ်းနည်း ကြေကွဲမိပါကြောင်း လီကေကျင်းက သူ၏နှစ်ပတ်လည် ဂျာနယ်လစ်များနှင့် တွေ့ဆုံပွဲအတွင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အစိုးရ၊ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနနဲ့ စစ်တပ်ဟာ မြန်မာဘက်ကို လေးလေးစားစား ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ဖက်ကလည်း တရုတ်-မြန်မာ နယ်စပ်မှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးရှိစေရန်အတွက် ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိနေပါတယ်။ ကျွန်တော်တို့ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကိုလည်း ကျွန်တော်တို့ ခိုင်ခိုင်မာမာ ကာကွယ်သွားမှာပါ” ဟု လီက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် ဖေဖော်ဝါရီ ၉ ရက်ကတည်းက စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ပြီးခဲ့သည့်လက မြန်မာအစိုးရသည် ကိုးကန့်ဒေသကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ တိုက်ခိုက်မှုများဖြစ်ပွားရာ ဗဟိုချက်ဖြစ်သည့် ကိုးကန့်ဒေသရှိ လောက်ကိုင်မြို့ထဲတွင်လည်း နေထိုင်သူ လုံးဝကင်းမဲ့လုနီးပါး အခြေအနေ ရှိနေသည်။ ထိုသို့မတည်မငြိမ် အခြေအနေများကြောင့် မြန်မာနိုင်ငံဘက်မှ ယူနန်ပြည်နယ်သို့ ထွက်ပြေးလာသူ ဦးရေမှာ ၃ဝဝဝဝ ကျော်ရှိပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံကို အနောက်နိုင်ငံများက ပိတ်ဆို့မှုများပြုလုပ်ပြီး စစ်အာဏာရှင်များ အုပ်ချုပ်စဉ်က တရုတ်အစိုးရသည် မြန်မာစစ်အာဏာရှင်များကို အဓိကကျောထောက် နောက်ခံပေးခဲ့သည့် နိုင်ငံဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသည် ၂ဝ၁၁ ခုနှစ်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် သမ္မတဦးသိန်းစိန် လက်ထက်တွင် မြန်မာသည် အမေရိကန်အပါအဝင် အခြားနိုင်ငံများနှင့်ပါ ဆက်ဆံရေးကို တိုးမြှင့်လာခဲ့သည်။
Credit >>> Eleven
0 comments:
Post a Comment