လပေါ်မှာ ပျံသန်းနိုင်တဲ့ ကားတစီးလိုချင်သူတွေအတွက် နောက်ထပ် နှစ်အနည်းငယ်မျှသာ စောင့်ဆိုင်းရတော့မယ်လို့ မြေပြင်မှာသာမက လေထဲတွင်လည်း ပျံသန်းနိုင်တဲ့ ကားကို တီထွင်နေတဲ့ ကုမ္ပဏီတခုက ဆိုလိုက်ပါတယ်။
ပြိုင်ကားကို အပေါ့စားလေယာဉ်ငယ် အသွင်ပြောင်းလဲထားပြီး လူနှစ်ယောက်စီးနင်းလိုက်ပါနိုင်တဲ့ အဲ့ဒီ ကားပျံကို နောက် ၂ နှစ်အကြာမှာ ရောင်းချပေးဖို့ ရည်ရွယ်ထားတယ်လို့ စလိုဗက်ကီးယား အခြေစိုက် Aeromobil ကုမ္ပဏီက ဆိုပါတယ်။
“၂၀၁၇ ခုနှစ်မှာ ဈေးကွက်မှာ ရောင်းချနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။” ဟု Aeromobil ကို ပူးတွဲတည် ထောင်ခဲ့သူ အမှုဆောင်အရာရှိချုပ် Juraj Vaculik က အမေရိကန်နိုင်ငံ အော်စတင် မြို့တွင် ပြုလုပ်တဲ့ ကွန်းဖရင့်တခုမှာ မတ်လ ၁၅ ရက်နေ့က ပြောကြားခဲ့တာပါ။
ချမ်းသာကြွယ်ဝပြီး မော်တော်ကားကောင်းကြိုက်သူတွေ၊ ပျံသန်းရေးကို စိတ်ဝင်စားသူတွေအတွက် ရည်ရွယ် ထုတ်လုပ်မယ့် မော်တော်ကားပျံဟာ ပုံမှန်ဓာတ်ဆီကို အသုံးပြုပြီး အလိုအလျောက် မောင်းနှင်နိုင်တဲ့ စနစ်နဲ့ အလိုအလျှောက် အလုပ်လုပ်တဲ့ လေထီးလည်း တပ်ဆင်ထားပါတယ်။
ဈေးနှုန်းကို မသတ်မှတ်ရသေးပေမယ့်လည်း အမေရိကန်ဒေါ်လာ သိန်းနဲ့ချီ ရှိနိုင်မယ်လို့ Juraj Vaculik ကပြောပါတယ်။ တနေရာနဲ့တနေရာ သွားလာတဲ့နေရာမှာ လမ်းကို အသုံးပြုစရာမလိုအပ်တဲ့အတွက် အနာဂတ်မှာ လမ်းအတွက် ကုန်ကျလာနိုင်မယ့် စရိတ်ကိုပါ လျှော့ချနိုင်သွားလိမ့်မယ်လို့လည်း သူက ထပ်ပြောပါတယ်။
ဒါ့အပြင် ကားပျံတွေအတွက် ပျံသန်းရမယ့် အမြင့်ပေ သတ်မှတ်ချက်တွေ သီးခြားပြုလုပ်ပေးထားခြင်းအားဖြင့် ယာဉ်ကြော ပိတ်ဆို့မှုများကိုလည်း လျှော့ချနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကားပျံတွေဟာအမြင့် မီတာ ၃ထောင် (ပေ ၁၀၀၀၀ခန့်) အောက်မှာ ပျံသန်း နိုင်လိမ့်မယ်လို့လည်း Juraj Vaculik က ခန့်မှန်းထားပါတယ်။
Aeromobil ကုမ္ပဏီကို တည်ထောင်ခဲ့သူ နှစ်ဦးဖြစ်တဲ့ Juraj Vaculik နဲ့ Stefan Klein တို့က သူတို့ရဲ့ ပထမဆုံးသော ကားပျံကို ၂၀၁၃ ခုနှစ်က ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့မှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းနည်းပညာ ကွန်ဂရက်မှာ စတင်ပြသပြီး ကမ္ဘာကို အံ့အားသင့်စေခဲ့တာပါ။
အဲ့ဒီနောက် ထပ်မံအဆင့်မြှင့်ထားသော ကားပျံ အမျိုးအစားဖြစ်တဲ့ Aeromobil 3.0 ကို သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ မှာ မနှစ်က ပြသခဲ့တာပါ။ Aeromobil 3.0 ဟာ ပုံမှန်ကားပါကင်နေရာတခုမှာပဲ ရပ်ထားနိုင်ပြီး ပျံတက်ဖို့အတွက် မြက်ခင်းပြေးလမ်းအရှည် မီတာ ၂၀၀ မျှသာလိုအပ်တာပါ။ ဆင်းသက်တဲ့အခါမှာလည်း မြက်ခင်းပြင်ပြေးလမ်းအရှည် မီတာ ၅၀ ပဲ လိုအပ်ပါတယ်။
“အခု ကျနော်တို့ လေဆိပ်တွေ မလိုတော့ပါဘူး။” လို့ Juraj Vaculik ကပြောပါတယ်။
ပြေးလမ်းမြက်ခင်းပြင်ကို အဝေးပြေးကားလမ်းများဘေး သို့မဟုတ် ဓာတ်ဆီဆိုင်များ အနီးတွင် အလွယ်တကူတည် ဆောက်နိုင်တယ်လို့လည်း သူကဆိုပါတယ်။ ဓာတ်ဆီဆိုင်ပိုင်ရှင်တွေအနေနဲ့ အသုံးပြုခ ကောက်ခံရရှိနိုင်တယ်လို့လည်း သူ က အကြံပြုလိုက်ပါတယ်။
Aeromobil 3.0 ဟာ ကားအဖြစ်မောင်းနှင်မယ်ဆိုရင်လည်း အမြန်ဆုံး တနာရီ ၉၉မိုင် နှုန်းဖြင့် မောင်းနှင်နိုင်ပြီး အဝေးဆုံး ၅၄၅ မိုင် မောင်းနှင်နိုင်ပါတယ်။ လေယာဉ်အဖြစ် ပျံသန်းချိန်တွင် တနာရီ ၁၂၄မိုင် နှုန်းဖြင့် ပျံသန်းနိုင်ပြီး အဝေးဆုံး ၄၃၅ မိုင် ပျံသန်းနိုင်တာပါ။ လေထဲသို့ ပျံတက်ရန်အတွက် လိုအပ်တဲ့ အရှိန်မှာလည်း တနာရီ ၈၁ မိုင် ဖြစ်ပါတယ်။
ဒါပေမယ့် ကားပျံတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့အတွက် ရင်ဆိုင်ရမယ့် နည်းဥပဒေတွေနဲ့ အသိအမှတ်ပြု ထောက်ခံမှုတွေ လိုအပ်နေသေးတယ်လို့လည်း သူက၀န်ခံပြောဆိုခဲ့ပါတယ်။
“ကျနော်တို့ ရင်ဆိုင်ရမယ့် မြေပြင်နဲ့ဆိုင်တဲ့ ဝေဟင်နဲ့ ဆိုင်တဲ့ ဗျူရိုကရေစီ ကိစ္စတွေက နှစ် ၁၀၀ စာလောက်ရှိနေပါတယ်။ သိပ်တော့ မလွယ်လှပါဘူး။” လို့ Juraj Vaculik က ဆိုပါတယ်။ ဒါပေမယ့်လည်း သူတို့ ကုမ္ပဏီကို ယခုအချိန်အထိ ဥရောပ သမဂ္ဂက ခိုင်ခိုင်မာမာထောက်ခံ ပေးထားတယ်လို့ သူကထပ်ပြောပါတယ်။
Credit >> 7Day
0 comments:
Post a Comment