ရောင်းသူမဲ့အအေးဆိုင် ရန်ကုန်မှာလည်း ဖွင့်ပြီ


မန္တလေးမြို့က ပရဟိတသမား ကိုဝမ်းရဲ့ စိတ်ကူးဟာ ရန်ကုန်မြို့ဆီကိုလည်း ကူးစက်ပျံ့နှံ့လို့လာပါပြီ။
ယုံကြည်မှုနဲ့ ရိုးသားမှုကို အရင်းပြုရောင်းချတဲ့ ကိုဝမ်းရဲ့ ရောင်းသူမဲ့ အအေးဆိုင်စိတ်ကူးကို အားကျ
အတုယူပြီးဖွင့်လာကြတာ ခုဆိုရင် မြို့အသီးသီးမှာ ဆိုင်ပေါင်း ၄၀ နီးပါး ရှိလာပါပြီ။
ရန်ကုန်မြို့မှာတော့ မေ ၆ ရက်နေ့က ၀ါးတန်းလမ်းထဲက လွယ်ဟိန်းကုမ္ပဏီရှေ့မှာ ပထမဆုံး
ရောင်းသူမဲ့အအေးဆိုင်လေး စပေါ်လာခဲ့ပါတယ်။
အအေးဆိုင်လေးကို လွယ်ဟိန်းကုမ္ပဏီမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေဖြစ်တဲ့ ဦးမျိုးမြင့်၊
ဦးစိုင်းနေလင်းဦး နဲ့ ဦးဝဏ္ဏဇော်တို့ သုံးဦးက စိတ်တူကိုယ်တူ စုပေါင်းပြီး ဖွင့်လှစ်ခဲ့တာပါ။
M 150 အားဖြည့်အချိုရည်၊ ရေသန့်နဲ့ Blue Mountain တံဆိပ်အချိုရည် အစရှိတဲ့ စုစုပေါင်းအမည်
(အမယ်)ခုနစ်မျိုး ရနိုင်တဲ့ အအေးဆိုင်လေးဘေးမှာ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးထားတဲ့
ပိုစတာတွေ ထောင်ထားပါတယ်။
ပိုစတာထဲမှာ ရေးသားထားတာကတော့ "မိတ်ဆွေ နေပူပူမှာ မောပန်းသမျှပြေစေဖို့ ရေသန့်ဘူးနဲ့
အအေးဘူးများ ရောင်းချပေးနေပါသည်။ ရေသန့်ဘူးတစ်ဘူး ၂၀၀ ကျပ်၊ အအေးတစ်ပုလင်း ၃၀၀ ကျပ်၊
မိတ်ဆွေကို ယုံကြည်လို့ လူစောင့် မထားပါခင်ဗျာ။ ပိုက်ဆံဘူးထဲမှာ ပိုက်ဆံထည့်သွားပေးပါ၊
ပြန်အမ်းငွေကိုလည်း ဒီကပဲ ယူသွားပေးပါ ခင်ဗျာ"တဲ့။
"ကျွန်တော်တို့ သုံးယောက်က ပရဟိတလုပ်ရတာ ၀ါသနာပါတယ်။ မန္တလေးက ကိုဝမ်းက
ရောင်းသူမဲ့ဆိုင်လေး စလုပ်တော့ ကျွန်တော်တို့ကလည်း သူ့ကို အကြောင်းကြားပြီး မေ ၆ ရက်မှာပဲ
စဖွင့်ခဲ့တယ်" လို့ လွယ်ဟိန်းကုမ္ပဏီ လုံခြုံရေးတာဝန်ခံအကြီးအကဲ တစ်ဦးဖြစ်သူ ဦးမျိုးမြင့်က
ပြောပါတယ်။
အမြတ်ရရှိဖို့ ရည်ရွယ်ဖွင့်လှစ်တာ မဟုတ်ဘဲ မျက်ကွယ်ရာမှာ ရိုးသားမှုကို ရေရှည်လက်ခံကျင့်သုံး
နိုင်မလားဆိုတာကို သိချင်တာကြောင့် ဆိုင်ကို အရဲစွန့်ဖွင့်ခဲ့တာဖြစ်တယ်လို့လည်း
သူက ပြောပါတယ်။
"ရောင်းသူ မရှိဘူးဆိုတော့ မျက်ကွယ်ဖြစ်သွားပြီ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက မျက်ကွယ်ရာမှာ
မှန်မှန်ကန်ကန် ပိုက်ဆံပေးမှာလား။ ပေးတဲ့လူက ဘယ်လောက်ရှိမလဲ။ အဲဒါကိုကော လက်ခံကျင့်သုံး
နိုင်ပါ့မလား။ လစ်ရင် ပိုယူမလားဆိုပြီး ကျွန်တော်တို့ မှာ စိုးရိမ်စိတ်တွေ ရှိခဲ့တယ်"လို့လည်း
သူကပြောပါတယ်။
ဆိုင်ကိုတော့ တစ်ဦးကို ကျပ်သုံးသောင်းကျော်နဲ့ သုံးဦးပေါင်း ငွေကျပ်တစ်သိန်းတိတိနဲ့ စတင်
မတည်ခဲ့တာပါ။
ဆိုင်ဖွင့်တဲ့ ၆ ရက်နေ့ မနက် ၁၁ နာရီခွဲမှာပဲ စိတ်လှုပ်ရှားစွာနဲ့ ပိုက်ဆံပုံးထဲက ငွေကို
စတင်ရေတွက်ခဲ့ကြပါတယ်။
"ငွေကို သိမ်းနေတဲ့အချိန်မှာပဲ ကျွန်တော်တို့မှာ စိုးရိမ်စိတ်ရှိတယ်။ ဘယ်နှယောက်များ ပိုက်ဆံမပေးဘဲ
ယူသွားမလဲပေါ့။ နေ့တစ်ဝက်မှာတင် ငွေသိမ်းတဲ့ ရည်ရွယ်ချက်က တကယ်လို့ ပျောက်ရှသွားရင်
ကျွန်တော်တို့ ခဏခဏ ငွေသိမ်းခြင်းအားဖြင့် အပါ နည်းမယ်။ ကျွန်တော်တို့လည်း ရှေ့ကိုကြာကြာ
လျှောက်လှမ်းနိုင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ပိုက်ဆံပုံးကို အဲဒီအချိန်မှာ ယူစစ်ခဲ့တာ"လို့ ဦးမျိုးမြင့်က
ပြောပါတယ်။
အဲဒီနေ့မှာပဲ လာအားပေးတဲ့သူ အတော်များများ ရှိခဲ့ပြီး ကုန်သွားတဲ့ အအေးဘူးအရေအတွက်နဲ့ ရတဲ့
ပိုက်ဆံက ကွတ်တိဖြစ်နေပါတယ်။
ညနေ ဆိုင်သိမ်းချိန် စာရင်းချုပ်တဲ့အခါ ကျသင့်ငွေထက် ကျပ် ၁,၁၆၀ တောင် ပိုက်ဆံပုံးထဲမှာ
ပိုနေသေးတယ်လို့ သူက ပြောပါတယ်။
"တန်ဖိုးငွေ တိတိကျကျမပေးဘဲ ယူတဲ့သူမရှိဘူး ဆိုတာသိတော့ အဲဒီနေ့မှာပဲ
အားတက်သွားတယ်"လို့ ဦးမျိုးမြင့်က ပြောပါတယ်။
"အဲဒီနေ့က ကျွန်တော်တို့သုံးယောက် ပျော်တယ်"လို့လည်း သူက ဆက်ပြောပါတယ်။
နောက်တစ်ရက်မှာလည်း သူတို့ရဲ့ ရောင်းသူမဲ့ အအေးဆိုင်လေးမှာ ငွေအလျော့မရှိတဲ့အပြင်
ကျပ် ၉၆၀ တောင် ပိုနေပါသေးတယ်။
"အဲဒီနေ့ကလည်း တော်တော်ပျော်ခဲ့တယ်။ မဟုတ်တာလည်း မလုပ်ကြသလို အနုတ်ငွေကိုလည်း
နှိုက်မသွားကြဘူး"လို့ သူက ပြောပါတယ်။
ဈေးဝယ်သူတချို့ဟာ ပြန်အမ်းငွေကို ယူမသွားတာကြောင့် အခုလို ပိုနေတာ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် နေပူလို့ အအေးသောက်ချင်ပေမဲ့ ငွေကြေးမတတ်နိုင်တဲ့ လမ်းသွားလမ်းလာတွေအတွက်
ရန်ပုံငွေပုံးလေးတစ်ပုံး ပိုထားပေးဖို့ သူတို့တစ်တွေ စိတ်ကူးရခဲ့ကြပါတယ်။
ဝါးတန်းလမ်းက ရောင်းသူမဲ့အအေးဆိုင်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)၀ါးတန်းလမ်းက ရောင်းသူမဲ့အအေးဆိုင်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)
"ပြန်အမ်းငွေ ပြန်မယူသွားချင်တဲ့သူက အဲဒီငွေကို ပိုက်ဆံပုံးထဲကနေ အလှူခံပုံးထဲ ထည့်သွားနိုင်ဖို့ပါ။
အဲဒီအလှူခံပုံး အစီအစဉ် စဉ်းစားနေတုန်းပဲ အဲဒီနေ့က ကျပ် ၂,၃၀၀ လျော့သွားတာကို စတွေ့တယ်"လို့
ဦးမျိုးမြင့်က ပြောပါတယ်။
"ရောင်းရတဲ့ ပမာဏများတယ်။ လူသွားလူလာများတဲ့နေ့မှာ ငွေအလျော့တွေ့လာတယ်"လို့
သူက ပြောပါတယ်။
ငွေအလျော့ တွေ့ပေမဲ့လည်း နောက်တစ်နေ့ကို ဇွဲကောင်းကောင်းနဲ့ ဆက်ဖွင့်ခဲ့ပါတယ်။
အဲဒီနေ့မှာလည်း ကျပ် ၈၀၀ ဆက်လျော့ခဲ့ပါတယ်။
ဒါပေမဲ့ နောက်တစ်နေ့မှာတော့ အလျော့မရှိဘဲ ကျပ် ၄၀၀ ထပ်ပိုလာခဲ့ပါတယ်။
"ငွေလဲရင်း မှားတာလည်း ဖြစ်နိုင်ပါတယ်။ မသမာတဲ့သူတော့ မဟုတ်ဘူးဆိုတာ
သဘောပေါက်လာပါတယ်။ အဲဒီနေ့မှာ ရန်ပုံငွေပုံးလေး စထားခဲ့ပါတယ်" လို့ ဦးမျိုးမြင့်က ပြောပါတယ်။
"ရေကုသိုလ် အလှူငွေထည့်ရန် ... မိတ်ဆွေ ငွေမပါလို့ စိတ်မညစ်ပါနဲ့။ ဒီဘူးထဲကယူပြီး
ဝယ်သောက်လိုက်ပါ"လို့ စာကပ်ထားတဲ့ ပလတ်စတစ် ရန်ပုံငွေပုံးလေးထဲကို ကျပ် ၆၅၀ နဲ့
စတင်မတည်ခဲ့ပြီး ညနေခင်းဆိုင်သိမ်းချိန်မှာတော့ ပုံးထဲမှာ ၇၅၀ ဖြစ်နေခဲ့ပါတယ်။
နောက်တစ်နေ့မှာတော့ ကျပ် ၁,၀၅၀ အထိ တိုးလာခဲ့ပါတယ်။
"ကျွန်တော်တို့ မြန်မာလူမျိုးတွေက စိတ်ကွယ် မျက်ကွယ်မှာတောင် ကံငါးပါးကို လုံခြုံအောင်
ထိန်းတယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်လို့ ရသွားပြီ"လို့ ဦးမျိုးမြင့်က ပြောပါတယ်။
တစ်ဖက်ကလည်း တစ်ယောက်ကို ငွေသုံးသောင်းကျော်ပဲ ထည့်ထားနိုင်တာမို့
ဆက်တိုက်ငွေလျော့တဲ့အခါ ဆက်လုပ်နိုင်မှာ မဟုတ်ဘူးဆိုပြီး ဖုန်းနဲ့ပြောလာတဲ့ သူတွေလည်း
ရှိတယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့လည်း ဆိုင်လေးဖွင့်ပြီး သုံးပတ်ကျော်လာတဲ့အထိ အဆင်ပြေပြေနဲ့ ဖွင့်လာနိုင်တယ်လို့
ဦးမျိုးမြင့်က ပြောပါတယ်။
ဒါကြောင့် သူတို့သုံးဦးဟာ နောက်ထပ် ခြေလှမ်းတစ်လှမ်းကို စတင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
အဲဒါကတော့ ဗိုလ်တထောင်မြို့နယ် အရှေ့ပိုင်းဆေးရုံ အနီးက လမ်းကျယ်ဘေးနားမှာ ရောင်းသူမဲ့ဆိုင်
အသစ်တစ်ဆိုင် ထပ်ဖွင့်ဖို့ပဲ ဖြစ်ပါတယ်။
အဲဒီနားက နေထိုင် သူတွေကလည်း သူတို့ကို ကူညီမယ်လို့ ကမ်းလှမ်းထားပါသေးတယ်။
ဒါ့ပြင် သူတို့ကို အားကျပြီး ရန်ကုန်မြို့မှာပဲ ရောင်းသူမဲ့ဆိုင် ဖွင့်ချင်တဲ့သူတွေက သူတို့ကို
ဖုန်းဆက်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ အငြိမ်းစားဝန်ထမ်းနှစ်ဦးနဲ့ ဆရာဝန်တစ်ဦးက သူတို့ကို ဆက်သွယ်ထားကြပါတယ်။
"ကျွန်တော်တို့ ဖြစ်စေချင်တာက မူလတန်းကျောင်းတွေနဲ့ အလယ်တန်းကျောင်းတွေမှာ ရောင်းသူမဲ့
ဆိုင်လေးတွေ ဖွင့်ဖို့ တိုက်တွန်းချင်တယ်။ သူ့မုန့်ဖိုးနဲ့ သူ့ဟာ သူ ကိုယ်ပိုင်ရွေးချယ်ပြီး ရိုးရိုးသားသား
တန်ရာတန် ကြေးပေးတတ်တဲ့ အလေ့အကျင့်လေး ရလာဖို့ပါ"လို့ ဦးမျိုးမြင့်က ပြောပါတယ်။
ခုချိန်မှာ အအေးရောင်းချပေမဲ့ မုတ်သုံဝင်လာခဲ့ရင်တော့ ရာသီစာတစ်မျိုးမျိုးကို ပြောင်းလဲရောင်းချဦးမယ်
လို့လည်း ဆိုပါတယ်။
"အစိုးရသစ်တစ်ရပ်ကို ယုံကြည်မှုနဲ့ ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကောင်းတဲ့
နေရာမှာတင်မဟုတ်ဘဲ ခိုးဆိုးလုယက်မှုများနေတဲ့ လှိုင်သာယာလို နေရာမျိုးတွေ၊
အဝေးပြေးလမ်းမကြီးဘေးတွေမှာ ဒါမျိုးဆိုင်လေးတွေကို ယုံကြည်မှုနဲ့ ဖွင့်ပေးသင့်ပါတယ်။
ထီးတွေ၊ ရေခဲပုံးတွေ ခိုးသွားပါစေဦးတော့ သိုးဖြူတွေ များလာရင် သိုးမည်းနှစ်ကောင်သုံးကောင်
ကလည်း သူ့စရိုက်သူပြင်သွားမယ်၊ အချိန်တော့ ပေးရမယ်"လို့ ဦးမျိုးမြင့်က ပြောပါတယ်။
MMTime
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment