ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ခေါင်းဆောင်သောကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊ ဆိုချီမြို့တွင် ကျင်းပမည့် အာဆီယံ-ရုရှားဆက်ဆံရေးနှစ် (၂၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ၁၈-၅-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပါသည်။ ကိုယ်စားလှယ်အဖွဲ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်တို့နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများလိုက်ပါသွားကြပါသည်။
အာဆီယံနှင့် ရုရှားမိတ်ဖက်ဆက်ဆံရေးသည် ၁၉၉၁ခုနှစ်တွင် စတင်ခဲ့ပါသည်။ ရုရှားနိုင်ငံသည် အာဆီယံအဖွဲ့၏ Treaty of Amity and Cooperation in Southeast Asia (TAC) သို့ ၂၀၀၄ ခုနှစ်တွင် ၀င်ရောက်ခဲ့ပြီးနောက် ပထမအကြိမ် အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေးကို ၂၀၀၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌လည်းကောင်း၊ ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေးကို ၂၀၁၀ ခုနှစ် တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌လည်းကောင်း ကျင်းပခဲ့ပါသည်။
ယခုကျင်းပမည့် အာဆီ-ရုရှားဆက်ဆံရေး အနှစ် (၂၀) ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတွင် အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြားရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုအားပိုမိုမြင့်တင်ရန် အပါအ၀င် အနာဂတ် ကာလတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ နည်းလမ်းများကိုလည်း ဆွေးနွေးသွားရန်ရှိမည် ဖြစ်ပါသည်။ ထို့အပြင် မိတ်ဖက်ဆက်ဆံရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေး၊ လူမူရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ပါဝင်သည့် ဆိုချီကြေညာချက်ကို လည်းထုတ်ပြန်ရန်ရှိပါသည်။
Ministry of Foreign Affairs Myanmar
0 comments:
Post a Comment