မြန်မာ - စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးတွေ့ ဆုံဆွေးနွေး


မြန်မာနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် အနှစ် (၅၀)ပြည့် အထိမ်း အမှတ်နှင့် မိတ်ဆက်ချစ်ကြည်ရေးခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခ် ရစ်ရှ်နန်သည် မြန်မာနိုင်ငံသို့ ၂၀၁၆ ခုနှစ်၊ မေလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ လာရောက်ရန်အတွက် နေပြည်တော်သို့ ၁၇-၅-၂၀၁၆ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့်ရောက်ရှိခဲ့ပါသည်။


စင်ကာပူနိုင်ငံခြားရေးဝန်ကြီး နှင့် ကိုယ်စားလှယ်အဖွဲ့အား ၁၈-၅-၂၀၁၆ ရက်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှ ၀န်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။


ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့သည် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် အနှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပရေးကိစ္စ၊ နှစ်နိုင်ငံအကြား ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးရေး နှင့် အခြေခံအဆောက်အဦတည်ဆောက်ရေးအပါအ၀င် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုတိုးမြှင့်ရန်ကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးပြီးနောက် ၁၀း၃၀ နာရီအချိန်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြု လုပ်ခဲ့ပါသည်။


နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် ခရီးစဉ်နှင့်တွေ့ဆုံဆွေးနွေးမှုရလဒ်များအတွက် အထူးကြေနပ်အားရကြောင်း၊ အနာဂတ်ကာလတွင်လည်း မြန်မာနိုင်ငံနှင့် စင်ကာပူနှစ်နိုင်ငံ အကြား မိတ်ဖက်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်မှုများပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် စင်ကာပူနိုင်ငံအနေဖြင့် အထူးအားရသည့်အပြင် မိတ်ဖက်နိုင်ငံအဖြစ် လိုအပ် သည်များကို ပံ့ပိုးပေးရန် အဆင်သင့်ရှိပါကြောင်း ဖြင့်ပြောကြားခဲ့ကြပါသည်။

Ministry of Foreign Affairs Myanmar
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment